CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းကို ရည်ညွှန်းဈေး သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တောင်သူများက ဆန်ဈေးနှုန်းအား ရည်ညွန်းဈေး သတ်မှတ်ရန် မလို ကြောင်း ပြောလာကြသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လာမည့် မိုးစပါးရာသီအတွက် စပါးတင်း ၁၀၀ ကို ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးခဲ့သည့် ပုံစံဖြင့် ဆန်ဈေးနှုန်းကိုလည်း ရည်ညွှန်းဈေး သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း သိရ သည်။

ဆန်ဈေးနှုန်းကို သတ်မှတ်ခြင်းသည် ကောင်းမွန်သော်လည်း လက်ရှိ လုပ်ဆောင်ချက်များသည် ပြောင်းပြန် ဖြစ် နေကြောင်း၊ စပါးအသစ်ပေါ်ချိန်တွင် ဆန်ဈေးနှုန်း ကျဆင်းလေ့ ရှိခြင်းကြောင့် လက်ရှိကာလသည် ဆန်ဈေးနှုန်း သတ်မှတ်ရန် မလိုကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “သူတို့လုပ်တာ ပြောင်းပြန်ဖြစ်နေတယ်။ အမှန်က ပွင့်ပွင့်လင်းလင်းပြောရင် ဒီလို စပါးအသစ် ပေါ်လာတဲ့ အချိန်မှာ ဆန်ဈေး သတ်မှတ်ဖို့ မလိုဘူး။ သူ့ဟာသူ ကျသွားမှာ။ တကယ်ဆိုရင် စပါးတွေ မပေါ်တော့တဲ့ ဇွန်လ ကနေပြီးတော့ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ အဲဒီ ၄ လအတွက်ကို ဆန်ဈေးကို ဘယ်ဈေးထက် ပိုမရောင်းရ ဆိုတဲ့ ကြေညာချက်ရှိဖို့ လိုတယ်။ နွေဘက်ကျရင်လည်း ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ အဲဒီ ၃ လကို ဆန် ဘယ်ဈေးထက် ပိုမရောင်းရ။ နည်းနည်းပါးပါးတော့ ပေါ်တယ်လေ အများအစားကြီးတော့ မပေါ်ဘူး။ အဲဒီမှာ အလွန်ဈေးတက်မသွားအောင် ဆန်ဈေးကို ထိန်းဖို့ လိုအပ်တယ်။ အခု ဒီအချိန်မှာ ထိန်းတာက သပ်သပ်မဲ့ ထုတ်ကုန်သမားကို ဈေးနှိမ်လို့ ကောင်းဖို့ပဲ ဖြစ်သွားတယ်။ ဆန်ဈေးက ဒီအချိန်မှာ ဘယ်တော့မှ အလွန်အမင်း မတက်ဘူး” ဟု ပြောသည်။

ဆန်ပွဲရုံတစ်ခုကိုတွေ့ရစဉ်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်သိုလှောင်မှုနှင့် ဆန်ဈေးကစားမှုများကို ထိန်းချုပ်ရန်အတွက် ဆန်ဈေးနှုန်းအား သတ်မှတ်ခြင်းဖြစ်ကြောင်း၊ သို့သော် မည်ကဲ့သို့ သတ်မှတ်လုပ်ဆောင်မည်ကိုတော့ မသိရသေး ပေ။

ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “ထုတ်ပြန်နိုင်တယ်။ အခု လောလောဆယ်တော့ အဲဒါ တော့ မပြောသေးဘူး။ ဒီဆန် ကြိတ်ပြီးတော့ ထွက်လာရင် ဒီဈေးက ဘယ်ဈေးလောက် ဖြစ်သင့်တယ်ဆိုတာတော့ ညှိနေပါတယ် အဲဒါလည်း။ တောင်သူလည်း သူတို့လည်း တွက်ခြေကိုက်တဲ့ ဈေးတော့ ဖြစ်ရမှာပေါ့။ အခုလည်း တချို့တွေက စပါးဈေးကို တွက်တဲ့ချက်တဲ့နေရာမှာ တချို့တွေက ကွာဟမှုတွေ ရှိတယ်လို့ အသံတွေ ပြန်ကြားပါ တယ်။ စပါးမထွက်တဲ့အချိန်လည်း ဆန်က လက်ကျန်ရှိရင်တော့ ဈေးသိပ်မပြောင်းနိုင်ပါဘူး။ နောက်ပြီး ဆန်လက် ကျန် နည်းရင်တော့ ဈေးတက်နိုင်ပါတယ်။ ပို့ဖို့အတွက်လည်း နည်းနည်း စိစစ်မယ်ထင်တယ် ဆန်စပါးအသင်းချုပ် ကလေ။ တက်တဲ့အချိန်မှာ အလုအယက် ဝယ်မှာစိုးလို့ ထုတ်ထားတာပါ။ အရင်တုန်းကတော့ တောင်သူတွေ တွက်ခြေ မကိုက်မှာစိုးလို့ အရင်ကလည်း ထုတ်ဖူးပါတယ်။ အခြေခံဈေး ဘယ်လောက်ဆိုတာ။ အခုကတော့ တစ်မျိုး ဖြစ်သွားတာပေါ့။ အခုကတော့ ဈေးအရမ်းမြင့်မှာစိုးလို့။ တောင်သူတွေကတော့ တွက်ခြေကိုက်ပြီး စားတဲ့ သူတွေမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်ပါ။ ဖြည်းဖြည်းတော့ ဖြစ်လာနိုင်ပါတယ်။ ခေါ်ယူစစ်ဆေးမယ်၊ ပြောမရရင် အရေးယူတဲ့ အပိုင်းတွေ ဖြစ်လာနိုင်ပါတယ်၊ ပြောလို့တော့ မရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

လာမည့် အောက်တိုဘာလဆန်းပိုင်းတွင် စပါးများ လှိုင်လှိုင်ပေါ်လာတော့မည်ဖြစ်ပြီး အောက်တိုဘာလလယ်ပိုင်း တွင် ဆန်ဈေးနှုန်များ ကျဆင်းလာမည် ဖြစ်ကြောင်း တောင်သူများက ပြောသည်။

သက်သာသော နှုန်းနဲ့ ဆန်ရောင်းပေးနေစဉ်

လက်ရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းများအရ ဆန် ကြမ်းဈေးနှုန်းသည် တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ဖြစ်သည်။

ပေါ်ဆန်းမွှေး အမျိုးအစား ဆန်ချောများကို တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချရုံတင်ပဲ တောင်သူ များနှင့် ကုန်သည်များအတွက် အကျိုးအမြတ်ရှိကြောင်း တောင်သူများက ပြောသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လာမည့် မိုးစပါးရာသီအတွက် ရည်ရွယ်ပြီး စပါး တင်း ၁၀၀ ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်ပေးခဲ့သည်။

ထို့နောက် ဧည့်မထနှင့် ငစိန် စပါးအမျိုးအစားများကို တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းမှ ၁၅ သိန်း၊ ဧရာမင်း၊ ဧရာ ပဒေသာနှင့် ဧရာဝတီ ပေါ်ဆန်းစပါးများကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းစပါးကို ကျပ် ၁၈ သိန်းမှ ကျပ် သိန်း ၂၀ အတွင်း၊ ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း ဝယ်ယူရန် သတ်မှတ်ခဲ့သည်။