CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၄

စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့သစ်၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် စီးပွားရေး ကို မြှင့်တင်ရန်၊ လျှပ်စစ်ဓာတ်အားခများနှင် ဒီဇယ်ဈေးကို လျှော့ချရန်၊ နိုင်ငံ ၂ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့် ပေးရန် အတည်ပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

ထို့နောက် လယ်ယာကြွေးမြီများကို တရားဝင်ဆိုင်းငံ့ရန်နှင့် အစိုးရအရာရှိများ၏ လစာငွေများကို တစ်လ တစ်ခါ မဟုတ်ဘဲ နှစ်ပတ်တစ်ခါ ထုတ်ပေးရန် အစရှိသည့် အစီအစဉ်များကိုလည်း ထိုင်းအစိုးရအဖွဲ့သစ်၏ ပထမဆုံး အကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ 

အစိုးရအိမ်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီး၌ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အကြား တရုတ်နှင့် ကာဇက်စတန် နိုင်ငံများမှ ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမည့် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းလယ်သမားတစ်ဦးကိုတွေ့ရစဉ်

"သဘောကတော့ အဲဒီနိုင်ငံတွေကလာတဲ့ ခရီးသွားတွေဟာ နိုင်ငံကို မရောက်ခင်မှာ ဗီဇာတွေ လျှောက်ထားဖို့ မလိုတော့ပါဘူး။ အဲဒီအစီအစဉ်ဟာ ယာယီဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ သက်ရောက်မှုကို လေ့လာဆန်းစစ် သွားမှာ ပါ"ဟု ဆရီသာက ပြောသည်။

ကာဇက်စတန်နိုင်ငံ၏ ဆောင်းရာသီသည် အလွန်အေးလွန်းသောကြောင့် ထိုကာလအတွင်း ထိုင်းသို့ ကာဇက်စတန် ခရီးသွားများ ဝင်ရောက်မှု မြင့်တက်ခဲ့သဖြင့် ကာဇက်စတန်ကို ဗီဇာကင်းလွတ်ခွင့်ပေးသည့် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လယ်ယာကြွေးမြီများကို ၃ နှစ်ကြာ ဆိုင်းငံ့မှုသည် တောင်သူလယ်သမားများနှင့် အသေးစား စီးပွားရေး လုပ်ငန်း များအတွက် အကျိုးရှိစေလိမ့်မည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစပြီး အစိုးရဝန်ထမ်းများ၏ လစာငွေများကို တစ်လတစ်ခါအစား နှစ်ပတ်တစ်ခါ ထုတ်ပေးသွားမည်ဟုလည်း ထိုင်းအစိုးရအဖွဲ့က ပြောသည်။

ထိုင်းအစိုးရအဖွဲ့သစ် အစည်းအဝေး လုပ်နေစဉ်

"ဒီအစီအစဉ်ကတော့ ကြွေးမြီနဲ့ ရပ်တည်နေရတဲ့ အငယ်တန်း အစိုးရဝန်ထမ်းတွေကို အထောက်အကူ ဖြစ်စေပါ လိမ့်မယ်။ ဘာလို့လဲဆိုတော့ အငယ်တန်း အရာရှိတွေဟာ သူတို့လစာကိုရဖို့ တစ်လကြာတဲ့အထိ စောင့်ဆိုင်းဖို့ မလိုအပ်တော့လို့ပဲ ဖြစ်ပါတယ်"ဟု မစ္စတာ ဆရီသာက ပြောသည်။

လျှပ်စစ်ဓာတ်အားခများကိုလည်း ယခုလမှစပြီး တစ်ယူနစ်ကို ၄ ဒသမ ၄၅ ဘတ်မှ ၄ ဒသမ ၁၀ ဘတ်အထိ လျှော့ချပေးမည်ဖြစ်သလို ဒီဇယ်ဈေးနှုန်းများကိုလည်း စက်တင်ဘာ ၂၀ ရက်မှစ၍ တစ်လီတာလျှင် ဘတ် ၃၀ အောက် လျှော့ချပေးမည်ဟု ဆိုသည်။ 

ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဒီဇယ်သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး အစိုးရအဖွဲ့ အနေနှင့် ဓာတ်ဆီဈေးနှုန်းများကိုလည်း လျှော့ချပေးရန် လုပ်ဆောင်နေသည်ဟု ဆရီသာက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်