CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံက မြန်မာ့သကြား တန်ချိန် ၁၀၀၀၀ (တစ်သောင်း)ကို ဝယ်ယူလိုကြောင်း အမှာစာ ပေးပို့ ကမ်းလှမ်းလာသော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေးကို ဦးစားပေးသည့်အနေဖြင့် လာမည့် သကြားတင်ပို့သည့် ရာသီမှသာ ဦးစားပေးတင်ပို့သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

လက်ရှိတွင် ကမ္ဘာ့သကြားဈေးနှုန်း မြင့်မားနေခြင်းကြောင့် နိုင်ငံပေါင်းစုံမှ မြန်မာ့သကြား ဝယ်ယူရန်အတွက် ကမ်းလှမ်းချက်များစွာ ရရှိထားကြောင်း၊ ယင်းကမ်းလှမ်းချက်များ၊ အဆိုပြုချက်များနှင့် ပတ်သက်၍ ကြံကြိတ် ဝါးရာသီ နောက်ပိုင်းတွင် ထွက်ရှိလာမည့် သကြားပမာဏနှင့်ချိန်၍ တင်ပို့သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

 ကြံစိုက်တောင်သူများကိုတွေ့ရစဉ်

၎င်းက “အမှာစာတွေကတော့ တော်တော်များများ နိုင်ငံတွေက ကမ္ဘာမှာ သကြားဈေးတွေက မြင့်နေတာကိုး။ ၁ တန်ကို ဒေါ်လာ ၇၀၀  အထက်မှာ ရှိနေတော့ အမှာစာတွေကတော့ လာတယ်။ သို့သော်လည်းပဲ ဒီဘက်က ပြည်တွင်းစားသုံးမှုကို ဖူလုံဖို့ ဒီဘက်က လောလေ ာဆယ် မရောင်းနိုင်သေးဘူး။ ၂၀၂၃ - ၂၀၂၄ ကြံရာသီကျမှပဲ ရောင်းနိုင်မှာ။ အမှာစာတွေရယ်လို့တော့ မဟုတ်ဘူး၊ ကမ်းလှမ်းချက်တွေက အများကြီး ရှိတယ်။ နိုင်ငံတော်တော် စုံစုံ ရှိတယ်။ ကမ်းလှမ်းချက်က ဘယ်သူမှ လက်မခံနိုင်သေးဘူးလေ လောလောဆယ်က။ အဲဒီ ၁ သောင်းလည်း ကမ်းလှမ်းလည်း နောက်ကြံရာသီကျမှ ဦးစားပေးပြီး တင်ပေါ့။ ၁၀ လပိုင်း၊ ၁၁ လပိုင်းကျမှပဲ ကမ်းလှမ်းချက်တွေ ကို၊ အဆိုပြုချက်တွေကို နှစ်ဖက်ညှိနှိုင်းကြတာပေါ့။ ကြံရာသီ ကြိတ်ဝါးတဲ့ ဒီဇင်ဘာနောက်ပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ စပြီးတော့ တင်ပို့မှာပေါ့” ဟု ပြောသည်။

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံက အများဆုံး ဝယ်ယူနေခြင်းဖြစ်ပြီး ယခုနှစ်တွင် သကြားတန်ချိန် ၉၀၀၀၀ ဝန်းကျင်ထိ တင်ပို့ထားကြောင်း သိရသည်။

 သကြား ချက်နေကြစဉ်

လာမည့်နှစ် သကြားတင်ပို့ရန်အတွက် သကြားစက်ရုံများက ကြံကြိတ်ဝါးမှုနှုန်းနှင့် သကြားထွက်ရှိမှု ပမာဏများ ကို တွက်ဆနေကြကြောင်း၊ ၂၀၂၃ - ၂၀၂၄ သကြားတင်ပို့မှုသည် ယခုနှစ်၏ တင်ပို့မှု ပမာဏထက် ပို၍ များမည် ဖြစ်သည်ဟု သကြားကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတည်းက ကြံစက်ရုံတွေက ကြိတ်ဝါးကြံတန်ကို ခန့်မှန်းသတ်မှတ်ပြီးပြီလေ။ အဲဒီတော့ ဘယ်လောက်ရောင်း၊ ပြည်တွင်း ဘယ်လောက်ရောင်း၊ နိုင်ငံခြား ဘယ်လောက် ရောင်းမယ်ဆိုတာ သူ့ဟာသူ ခွဲတမ်းလုပ်နေပြီပေါ့။ အဲဒီအချိန်ကျရင်တော့ ပြန်ပြီးတော့ ကွင်းဆင်းတိုင်းတာတာနဲ့ သူတို့ရဲ့ ခန့်မှန်းခြေနဲ့ တွက် ပြီးမှ သူ့ဟာသူ သူ့ရဲ့ သကြားထွက်နှုန်းကို တွက်ပြီးမှ နိုင်ငံခြားကို ဘယ်လောက်ရောင်း၊ ပြည်တွင်းကို ဘယ်လောက်ရောင်းမယ်ဆိုတာ စီမံခန့်ခွဲမှာပေါ့။ ဒီနှစ်ထက်များမှာ ၂၀၂၂ - ၂၀၂၃ ထက် ပိုပြီးတော့ ထွက်မှာ သေချာတယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ သကြားလက်ကျန် တန်ချိန် ၅ သောင်းကျော် ကျန်ရှိကြောင်း၊ ထိုပမာဏသည် လာမည့် ကြံကြိတ်သည့် ရာသီမတိုင်ခင်အထိ လုံလောက်မှု ရှိသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်းထံမှ သိရသည်။

မြန်မာပြည်နိုင်ငံတွင် တစ်နှစ်လျှင် သကြားတန်ချိန် ၄ သိန်းခွဲကျော် ထွက်ရှိပြီး ပြည်တွင်း စားသုံးမှုအနေဖြင့် တန်ချိန် ၃ သိန်းကျော်ရှိကာ ပိုလျှံသည့် သကြားကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။