CNI International News

စင်ကာပူ၊ စက်တင်ဘာ ၄ 

၂၀၂၂ ခုနှစ်၊ သြဂုတ်လက ထိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် တရုတ် ကာစီနိုစီးပွားရေးလုပ်ငန်းရှင် ရှီကျိကျန် (She Zhijiang) သည် အေရှေ့တောင်အာရှ တစ်ဝန်းရှိ တရားမဝင် လောင်းကစား လုပ်ငန်းများနှင့် အွန်လိုင်းပေါ်မှ ငွေကြေးလိမ်ညာမှုများဖြင့် ဆက်နွှယ်မှုရှိသော လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ နောက်ကွယ်မှာ ကြိုးကိုင်သူ တစ်ဦးဖြစ်သည်ဟု The Straits Times မှ ဖော်ပြခဲ့သည်။ 

ရှီ၏ လုပ်ငန်းများသည် မလေးရှား၊ မြန်မာမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဒစ်ဂျစ်တယ်ငွေကြေး လွှဲပြောင်းမှုများ အပြင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့တွင် တားမြစ်ပိတ်ပင်ခံခဲ့ရသည့် ကာစီနိုကစားဝိုင်းများကို ကြီးကြပ်ရန် စင်္ကာပူ အခြေစိုက် ကုမ္ပဏီတစ်ခုက တီထွင်ခဲ့သည့် Blockchain နည်းပညာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

Blockchain နည်းပညာသည် ငွေကြေးများကို သိမ်းဆည်းနိုင်ခြင်း၊ မှတ်တမ်းများကို တိုးချဲ့မှတ်သားနိုင်ခြင်းနှင့် နည်းပညာကဏ္ဍကို မတူခြားနားအောင် အသွင်ပြောင်းနိုင်ခြင်း အစရှိသည့် ဂုဏ်သတ္တိများရှိသည်။ 

အသက် ၄၁ နှစ်အရွယ် ရှီကျိကျန်သည် ဗြိတိန် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများ၏ ကျယ်ပြန့်သော ကွန်ရက်နှင့်လည်း ဆက်နွှယ်မှုရှိခဲ့သည်။

ရွှေကုက္ကို အထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်

ရှီသည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ချိန်ကတည်းက ထိုကွန်ရက်ကို အသုံးပြုပြီး ဘီလျံနှင့်ချီသည့် ငွေကြေးများကို ခဝါချခဲ့သည်။

ရှီသည် ရှီကိုင်လွန် (She Kailun) နှင့် တန်ကိုင်လွန် (Tang Kailun) အစရှိသည့် အမည်များ အပါအဝင် အမည်ခွဲ အများအပြားရှိပြီး မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ငွေကြေးလိမ်ညာသည့် လုပ်ငန်းများ၊ လူမှောင်ခိုကူး မှုများနှင့် ဆက်နွှယ်မှုရှိခဲ့သည်ဟု တရုတ်အခြေစိုက် Caixin သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ရှီ၏ ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Yatai International Holdings ကုမ္ပဏီသည် အလုပ်အကိုင် ရှားပါးမှုများ၊ အလုပ်လက်မဲ့နှုန်းများ မြင့်တက်ခဲ့သည့် Covid-19 ကပ်ရောဂါ ကာလအတွင်းက ဝင်ငွေကောင်းသည့် အလုပ် အကိုင်များကို ခေါ်ယူနေကြောင်း ကတိကဝတ်များနှင့်တကွ Facebook ပေါ်တွင် ကြော်ငြာများတင်ပြီး  ဝန်ထမ်း များ ခေါ်ယူခဲ့သည်။ 

ကာစီနိုကိုတွေ့ရစဉ်

ထိုကဲ့သို့ မက်လုံးပေး ခေါ်ယူမှုများကြောင့် အာရှနှင့် အာဖရိကမှ ရာနှင့်ချီသည့် လူငယ်များ လိမ်ညာခေါ်ယူခံခဲ့ရပြီး မြန်မာနိုင်ငံ၏ ရွှေကုက္ကို အထူးစီးပွားရေးဇုန်ရှိ အွန်လိုင်း လောင်းကစား လုပ်ငန်းလုပ်သည့် အဆောက်အအုံများ၊ ငွေကြေးလိမ်ညာသည့် စင်တာများတွင် အတင်းအဓမ္မ အလုပ်လုပ်ကိုင်ရန် စေခိုင်းခံခဲ့ရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ သြဂုတ် ၂၉ ရက်က ထုတ်ပြန်သည့် သတင်း တစ်ရပ်တွင် အလိမ်ခံခဲ့ရသည့် လူငယ်များသည် သူတို့၏ သဘောဆန္ဒမပါဘဲ အခြားလူများကို လိမ်ညာရန် အတင်းအဓမ္မ စေခိုင်းခံခဲ့ရပြီး ထိုလူငယ်များထဲတွင် စင်္ကာပူနိုင်ငံသားများလည်း ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်သည် ရှီကို ဖမ်းဆီးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) တွင် အနီရောင်နို့တစ် တင်ခဲ့ သည်။

ထို့နောက် ရှီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည်။ 

Source: The Straits Times