CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈

ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရပိုင် ဘဏ် ၂ ခု၏အကောင့်ကို ပိတ်လိုက်သော်လည်း ရခိုင်- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး မထိခိုက်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီ Sonali ဘဏ်က မြန်မာအစိုးရပိုင်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှစ်ခု၏ ငွေစာရင်းများကို ပိတ်လိုက် ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ယခုကဲ့သို့ ဘဏ်ငွေစာရင်းအကောင့် အပိတ်ခံရခြင်းသည် ကုန်သည်များ၏ အကောင့်များကို ပိတ်လိုက်ခြင်း မဟုတ်၍ လက်ရှိတွင် ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသေးကြောင်း စစ်တွေကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် ကုန်သွယ်ရေး လုပ်နေကြစဉ်

၎င်းက “ဒါက ကျနော်တို့ရဲ့ ကုန်သွယ်မှုမှာတော့ မြန်မာကျပ်ငွေနဲ့ ပေးရတာလည်း ရှိတယ် စစ်တွေကုန်သွယ်ရေး စခန်းက ဆိုရင်လေ။ တချို့ ဒေသထွက် ကုန်တွေဆိုရင် ပို့ရလွယ်အောင်ပေါ့နော် မြန်မာကျပ်ငွေနဲ့ ပို့ပါ အဲဒီလို မျိုးလည်း ရှိပါတယ်။ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေး ရခိုင်ရဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်ပေါက် ရှိတာပေါ့ မောင်တောရယ်၊ စစ်တွေရယ်။ ကျနော်တို့ကတော့ မြန်မာ့စီးပွားရေးဘဏ် တစ်ခုတည်းပဲ လုပ်လို့ရတယ် ကျနော်တို့ နယ်စပ်မှာလေ စစ်တွေကုန်သွယ်ရေးစခန်းရော၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းဘက်ရော။ အသုံးပြုရတာက နှစ်နိုင်ငံ သဘောတူညီထားတဲ့ မြန်မာ့စီးပွားရေးဘဏ် တစ်ခုပဲ အသုံးပြုလို့ရပါတယ်။ တခြား ဘဏ် သုံးလို့မရပါဘူး။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးဘူးဗျ။ ဒါပေမယ့် sanctions ပိတ်တယ်ဆို ပြီးတော့ သူတို့လိုက်နာဆောင်ရွက်တဲ့ သဘောပါပဲ။ 

ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကိုတော့၊ သဘောတူ ညီချက်တွေကိုတော့ ဖောက်ဖျက်လို့ မရဘူးလေ။ နှစ်နိုင်ငံကြားမှ သဘောတူညီချက် လက်မှတ်ထိုးထားတာက ကုန်သွယ်မှု လုပ်မယ်ဆိုပြီးတော့ လက်မှတ်ထိုးထားကြတယ်လေ။ အဲဒီအပေါ်မှာနေပြီးတော့ ကုန်သွယ်မှု လုံးဝ ပိတ်သွားလောက်တဲ့အထိ ရှိကောင်းမှ ရှိပါလိမ့်မယ်” ဟု ပြောသည်။

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခွင့်ပြုထားသည့်ဘဏ် ချိတ်ဆက်ဆောင်ရွက်ရခြင်းကြောင့် လတ်တလောတွင် ကုန်သွယ်ရေး အဆင်ပြေသည့် အခြေအနေ ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင် ကုန်သွယ်ရေး လုပ်နေကြစဉ်

MFTB နှင့် MICB ဘဏ်အကောင့်နှစ်ခုကို ပိတ်လိုက်ခြင်းကြောင့် လက်တလောတွင် ကုန်သွယ်ရေးအပေါ် သက်ရောက်မှု မရှိသေးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဒေါ်လာထုတ်ယူမှုများကို ကန့်သတ်မည်ဆိုပါက ကုန်စည် မှာယူမှုများ ကျဆင်းလာနိုင်သည်ဟု မောင်တောကုန်သည် ကိုမင်းဇော်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သက်ရောက်မှုတော့ ရှိလာနိုင်ပါတယ် နောက်ကျရင်။ အခုတော့ လောလောဆယ်တော့ ဘာမှ မသိသေးပါ ဘူး။ နောက်ပိုင်းကျရင်တော့ ကုန်သွယ်စီးဆင်းမှု နည်းနည်း ဖြစ်မှာပေါ့နော်။ ဘယ်လိုကြောင့်လဲဆိုတော့ ဟိုဘက် က ကုန်ပစ္စည်းဝယ်ဖို့ မထုတ်ပေးဘူးဆိုရင် ဒေါ်လာ မထုတ်ပေးဘူးဆိုရင် ဒီဘက်က ကုန်စည်တွေ ပို့ပေးဖို့က အခက်အခဲ ဖြစ်သွားမှာပေါ့လေ။ အဲဒါကတော့လေ သေချာတော့ မသိသေးပါဘူး ဘယ်လိုပိတ်လဲဆိုတာကိုလေ။ လောလောဆယ်တော့ ဘာမှတော့ မဖြစ်သေးပါဘူး။ ပုံမှန်အတိုင်းပဲ။ အခုက အဲဒီကို သွားနေတဲ့ ကုန်တွေကတော့ များတာတော့ ဂျင်းပေါ့နော်။ ဂျင်းနဲ့ ငါးမြစ်ချင်း။ ကျန်တဲ့ပစ္စည်းတွေကတော့ နည်းပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်တွင် မြန်မာဘဏ်နှစ်ခုမှ အပ်နှံထားသည့် ငွေကြေးပမာဏသည် အမေရိကန် ဒေါ်လာ ၁ သန်းကျော် ရှိပြီး ထိုငွေစာရင်းများသည် လွန်ခဲ့သည့် တစ်လကျော်ကတည်းကပင် ပိတ်ထားခြင်း ဖြစ်သည်ဟု ဆိုနာလီဘဏ် တာဝန်ရှိသူက ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုကို ပြောကြားခဲ့သည်။