CNI International News

ဘန်ကောက်၊ သြဂုတ် ၁၆

ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် တရုတ်၏ စီးပွားရေး ပြန်လည်နာလန်ထူမှု ယိမ်းယိုင်နေ သည့် အခြေအနေအပေါ်  စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် သြဂုတ် ၁၅ ရက်က အာရှငွေကြေးတန်ဖိုးများ ကျဆင်းခဲ့ပြီး ထိုင်း၏ ဘတ်ငွေတန်ဖိုးသည် အများဆုံးကျဆင်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သြဂုတ် ၁၅ ရက်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၃၅ ဒသမ ၃၀ ဘတ် ရှိခဲ့ပြီး ထိုငွေကြေးပမာဏသည် သီတင်းပတ် ခြောက်ပတ်အတွင်း အနိမ့်ဆုံးအဆင့်အထိ ငွေတန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လအတွင်း တရုတ်၏ စက်မှုလုပ်ငန်း ထုတ်လုပ်မှုနှုန်းနှင့် လက်လီရောင်းချမှုနှုန်းများ နှေးကွေးခဲ့သဖြင့် တရုတ်၏ မူဝါဒရေးဆွဲသူများသည် စီးပွားရေးကို မြှင့်တင်ရန် အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်ဖွယ် ရှိနေသည်။

တရုတ်တွင် ဇွန်လအတွင်း လူငယ် အလုပ်လက်မဲ့နှုန်း ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး နောက် ထိုအလုပ်လက်မဲ့နှုန်း စာရင်းကို ထုတ်ပြန်တော့မည် မဟုတ်ကြောင်း ဘေဂျင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဘတ်ငွေနဲ့ ဒေါ်လာ လဲလှယ်နေစဉ်

စီးပွားရေးဆိုင်ရာ အချက်အလက်များ မထွက်ပေါမီ တစ်နာရီအလိုက တရုတ်၏ ဗဟိုဘဏ်သည် သုံးလအတွင်း ဒုတိယအကြိမ်အဖြစ် အတိုးနှုန်းများကို လျှော့ချခဲ့သဖြင့် ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်မှု၏ ဆုံးရှုံးနစ်နာမှုများကို ဖော်ပြရာရောက်ခဲ့သည်။

တရုတ်၏ ယွမ် ငွေကြေးတန်ဖိုးသည်လည်း ကိုးလ ဆက်တိုက်  ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ 

ယွမ်ငွေနဲ့ ဒေါ်လာ လဲလှယ်နေစဉ်

တရုတ်နိုင်ငံပိုင် ဘဏ်များသည် ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်သည့် ဈေးကွက်တွင် ယွမ်များကို ဝယ်ယူရန် ဒေါ်လာကို ရောင်းချခဲ့ပြီးနောက် ယွမ်ငွေတန်ဖိုး ဆက်လက်ကျဆင်းခဲ့သည်။

"အမေရိကန်ရဲ့ ၁၀ နှစ်သက်တမ်း ငွေတိုက်စာချုပ် အတိုးနှုန်းတွေ မြင့်တက်နေပြီး တရုတ်ဗဟိုဘဏ်က အတိုး နှုန်းတွေကို လျှော့ချလိုက်တာကြောင့် အမေရိကန်နဲ့ တရုတ်အကြား ငွေတန်ဖိုးကွာဟမှု ပိုမိုကျယ်ပြန့်ခဲ့ပြီး ယွမ်ငွေဟာ နောက်ထပ် ဖိအားတွေအောက်ကို ရောက်ရှိခဲ့ပါတယ်" ဟု Mizuho ဘဏ်မှ အာရှ နိုင်ငံခြားငွေ လဲလှယ်ရေးဌာနမှ အကြီးအကဲဖြစ်သူ ကန်ချောင်း (Ken Cheung) က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၏ စီးပွားရေးနှေးကွေးမှုသည် ဒေသတွင်း ငွေကြေးများအပေါ်  ဆိုးရွားသည့် သက်ရောက်မှုများ ဆက်ရှိနေစေလိမ့်မည်ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှား၏ ရူပီး ငွေကြေးတန်ဖိုးသည်လည်း ၀ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ဖိလစ်ပိုင်၏ ပီဆိုနှင့် မလေးရှား၏ ရင်းဂစ် ငွေကြေးတန်ဖိုးများသည် ၀ ဒသမ ၃ ရာခိုင်နှုန်းစီ လျော့ကျခဲ့သည်။

Source: ဘန်ကောက်ပို့စ်