CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆန်နှင့်ဆီကို ရောင်းချပေးခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာန သို့ ပြောသည်။

ပြည်သူ့ရင်ပြင်တွင် လူတစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် တစ်ရက်လျှင် ဆန်ပမာဏ အကန့်အသတ် မရှိနှင့် ဆီပိဿာချိန် တစ်ထောင် ရောင်းပေးနေကြောင်း သိရသည်။

ဧည့်မထ တစ်ပြည်ကို (၂၅၀၀) ကျပ်နှုန်း၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်ကို (၄၀၀၀) ကျပ်နှုန်း၊ စားအုန်းဆီ တစ် ပိဿာကို ထည့်စရာဘူးပါလျှင် (၄၄၀၀) ကျပ်နှုန်း၊ ထည့်စရာဘူးမပါလျှင် (၅၄၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။

ပြည်သူ့ရင်ပြင်တွင် ရောင်းချပေးနေသည့် ဆန်နှင့်ဆီကို ရန်ကုန်မြို့ရှိ တခြားသော မြို့နယ်တွင် နေထိုင်သည့် သူများအနေဖြင့် လာရောက်ဝယ်ယူရန် အဆင်ပြေမည် မဟုတ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော် က CNI သတင်းဌာနသို့ ပြောသည်။

 ဈေးသက်သာစွာဖြင့် ဆီများ ရောင်းချပေးနေစဉ်

၎င်းက “ဆန် ၅ ပြည်နဲ့ ဆီ ၁ ပိဿာ ရောင်းပေးတယ်ဆိုတာ ဖော်ရှိုးလုပ်တာ။ စဉ်းစားကြည့် တစ်သက်လုံး ကုန် ဈေးနှုန်း တည်ငြိမ်မှု၊ ကျဆင်းမှုကို အထောက်အကူ မပြုဘူးဆိုတာ ပြောချင်တာ။ ဥပမာ လှိုင်သာယာမှာရှိတဲ့ လူ တစ်ယောက်က အဲဒီကို ဘယ်လိုလာဝယ်မလဲ။ ရပ်ကွက်ထဲက ဈေးဆိုင်တွေ ဘာလို့ ဈေးကြီးနေတာလဲ။ ဈေးကြီး တာကို လိုက်ပြီးတော့မှ သက်ရောက်မှုကို လိုက်ရမှာ။ အဲဒါ ဘာလို့ ဈေးကြီးရတာလဲဆိုတာ လုပ်ရမှာ၊ စစ်ရမှာ။ အဲအခါကျမှ ဈေးနှုန်းကျမှာလေ။ တောင်ဒဂုံက၊ မြောက်ဒဂုံက ဘယ်လိုလာမလဲ ဆန် ၄/၅ ပြည်အတွက်ကို” ဟု ပြောသည်။

လက်ရှိတွင် ဆန်နှင့် ဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုများသည် ရန်ကုန်မြို့အတွင်းသာ ရှိပြီး တခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုကဲ့သို့ ရောင်းချပေးစေလိုကြောင်း၊ အခြေခံလူတန်းစားများ ရှိသည့် နေရာများကို ဦးစားပေး၍ ရောင်းချပေးရန် လိုကြောင်း ထောက်ပြကြသည်။

ဆန်များကို သက်သာသောနှုန်းထားဖြင့် အခြေခံလူတန်းစားများနှင့် စက်ရုံအလုပ်သမားများ အများဆုံးရှိသည့် မြို့နယ်များသို့ တစ်မြို့နယ်လျှင် နေရာ ၃ နေရာခန့် သွားရောက် ရောင်းချပေးခြင်းများ ပြုလုပ်ပေးမည်ဆိုပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြည်သူ့ရင်ပြင်မှာကျတော့ လာဝယ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ အဲဒီတော့က သွားတဲ့ ပြန်တဲ့ စရိတ်နဲ့ဆိုရင် ဘာမှမထူးဘူး ဖြစ်မှာပေါ့။ အဲဒီတော့ တကယ်လို့ ကားနဲ့လိုက်ရောင်းပေးမယ်ဆိုလည်း ပိုပြီးတော့ အဆင်ပြေပါတယ်။ သူတို့လည်း အဲဒီနေရာတွေကို ကားနဲ့ပဲ သွားပို့ရတာပဲလေ။ ဈေးတစ်ခုခုမှာ ဥပမာဆိုပါတော့ တစ်မြို့နယ်မှာ လှိုင်သာယာဆိုလည်း ကားနဲ့လွယ်တဲ့ နေရာ ၃ နေရာလောက်မှာ ဘယ်နေရာမှာ ဘယ်အချိန် ကနေ ဘယ်အချိန် ကား ၃ စီးလောက် လွှတ်ပြီးတော့ အဲဒီလို ရောင်းပေးမယ်ဆိုရင်တော့ ရန်ကုန်က ကုန်ဈေးနှုန်း ကို ကျစေမှာပေါ့။ ကားတွေနဲ့ လှည့်ပြီးတော့ ရောင်းပေးလိုက်ရင် အလိုအလျောက် ကျသွားမှာပဲလေ။ စားသုံးသူ တွေနား ကားအရောက်ပေါ့ သွားရောက်ပြီးတော့ လှည့်လည်ရောင်းချပေးခြင်းက ပိုပြီးတော့ သဘာဝကျပါတယ် လို့” ဟု ပြောသည်။

ဆီများ ရောင်းချပေးနေစဉ်

ပြီးခဲ့သည့် ဇူလိုင်လတွင် ကုန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဝယ်ယူထား သည့် အရန်ဆန် အိတ်ရေ ၅ သောင်းကို ရောင်းချပေးခဲ့သော်လည်း ဆန်ဈေးနှုန်းများသည် ကျဆင်းလာခြင်း မရှိသည့်အပြင် ထပ်မံမြင့်တက်လာသည်ကို တွေ့ရှိရသည်။

လာမည့် ၂ လတွင် မိုးစပါးအသစ်များ လှိုင်လှိုင်ပေါ်မည့် အချိန်ဖြစ်၍ လက်ရှိ နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး အဖွဲ့မှ ဝယ်ယူထားသည့် အရန်ဆန်များကို လုံလုံလောက်လောက် ထုတ်ရောင်းပေးခြင်းဖြင့် ဆန်ဈေးနှုန်း မြင့် တက်မှုကို ထိန်းနိုင်သွားမည်ကြောင်း၊ အလားတူ ဈေးနှုန်းများလည်း ကျဆင်းလာမည် ဖြစ်သည်ကြောင်း ကုန်သည်များနှင့် တောင်သူများက ပြောသည်။