CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည် လည်ပတ်နေသော်လည်း    ဒေါ်လာရောင်းဝယ်မှု ကန့်သတ်ထားဆဲဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်စည်လည်ပတ်ရန်အတွက် ဒေါ်လာများ ပြန်ရောင်းချနေသော်လည်း အကန့်အသတ်ဖြင့် သာ ရောင်းဝယ်နေကြောင်း မောင်တောကုန်သည် ဦးအောင်နိုင်လင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်နိုင်လင်းက “ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကနေစပြီး ကုန်စုံတင်လို့ရအောင် သူတို့ဘဏ်က ဒေါ်လာ ရောင်းပေး တယ်လို့ ကြားတယ်။ လောလောဆယ် သွားလို့ရတယ်။ အရင်လို မသေချာဘူးပေါ့။ လောလောဆယ် အကန့် အသတ်နဲ့ပဲ ပေးတဲ့ပုံစံပဲ။ အရင်ကဆို မြန်မာကနေ သွင်းကုန်ပစ္စည်းအတွက် ဘယ်ကုန်နေနေ ဘဏ်ကနေ ဝယ်လို့ရတယ်။ အခုကတော့ အကန့်အသတ်နဲ့ပေါ့။ ဝယ်လို့မရတာ မဟုတ်ဘူး၊ အရင်လို လွတ်လွတ်လပ်လပ်နဲ့ မရတာ အကန့်အသတ်နဲ့” ဟု ပြောသည်။

ယခုလို ကန့်သတ်ထားခြင်းကြောင့် ကုန်သွယ်ရေး လည်ပတ်မှု ကျဆင်းကြောင်း၊ ရေရှည်မှာ လုပ်ငန်းရှင်များ ရပ်တည်ရန်ခက်ခဲနိုင်ကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်နေကြစဉ်

၎င်းက “လက်ရှိလည်း ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့လိုချင်တဲ့ item တွေကိုပဲ ရွေးပြီးတော့ ဝယ်နေတဲ့ သဘောပေါ့ လေ။ ကုန်သွယ်မှုကတော့ ပြီးခဲ့တာ တစ်လနှစ်လက အတိုင်းပါပဲ။ သိပ်ပြီးတော့ အပြောင်းအလဲ မရှိဘူး၊ အရင်နှစ် တွေကထက် စာရင်တော့ ကုန်သွယ်မှုက တော်တော်ကျဆင်းသွားတဲ့ အနေအထားတွေ ရှိတယ်။ အဓိက ကျနော် တို့ဘက်က တင်ပို့တာဟာ ရေချိုငါး အများဆုံး ဖြစ်တယ်။ အခုက ရေချိုငါးက လုံးဝနီးပါးလောက် ပိတ်ထားတယ် ဆိုတဲ့ အ‌နေအထားရှိပါတယ်။ ဒီအတိုင်း ရေရှည်ဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့ ဒီဘက်က ကုန်သည် နယ်စပ် ကုန်သွယ်ရေးကို အမြဲတမ်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း တော်တော်လေးကို အခက်ခဲ ရှိနိုင်ပါတယ်။ ရှိလည်း ရှိနေကြပါတယ်”ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွင်းကုန်များအတွက် ဒေါ်လာ ရောင်းချမပေးမှုများ ရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပမာဏ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်နေကြစဉ်

ပြီးခဲ့သည့် တစ်လကျော်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဂျင်းတစ်မျိူးထဲ အတွက်သာ ဒေါ်လာ ရောင်းပေးသော် လည်း ယခုအခါမှာတော့ တခြားသော ရေထွက်ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများပါ ပြန်လည် ဝယ်ယူလာ ကြောင်း ကုန်သည်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လတာအတွင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၅.၅၈ သန်းဖိုး တင်ပို့ခဲ့ကြောင်း၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာ ၀.၁၂ သန်းဖိုး တင်သွင်းမှု ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(RSCCI)၏ စာရင်းအရ သိရသည်။