CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

အိန္ဒိယနိုင်ငံ မိုရေးမြို့တွင် လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားနေမှုကြောင့် မေလဆန်းပိုင်းမှ စတင်၍ မိုရေးမြို့ဘက် သို့ အဝင်/အထွက်ကို ပိတ်ထားသည့်အတွက် တမူးမြို့မှ ကုန်သည်များသည် တခြားသော လမ်းကြောင်းများ အသုံးပြု၍ ကုန်သွယ်မှု ပြုလုပ်နေကြရသည်ဟု တမူးမြို့မှ ကုန်သည်များထံမှ သိရသည်။

ယခင်က တမူးမြို့မှ ကုန်သည်များသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရာတွင် မိုရေး-တမူး နန့်ဖာလုံဈေးမှတဆင့် ကုန်သွယ်ကြရကြောင်း၊ လက်ရှိတွင် တမူးမြို့နှင့် အလှမ်းဝေးသည့် နာဂလန်းပြည်နယ် ဘက်သို့သွား၍ ကုန်သွယ် ကြရကြောင်း၊ ထိုလမ်းကြောင်းသည် မြန်မာဘက်မှ တရားဝင် အခွန်ဆောင်၍ သွားသော်လည်း အိန္ဒိယနိုင်ငံဘက် တွင် တရားမဝင်သဘောမျိုး ဖြစ်နေသည်ဟု တမူးကုန်သည် ဦးခင်မောင်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက Nagaland နယ်ထဲ ရောက်သွားမယ်။ အဲဒါတော့ သူတို့အဆက်အသွယ်နဲ့ သူတို့မှ သွားလို့ရတယ် လူတိုင်းတော့ သွားလို့မရဘူး။ ကုန်သည်နဲ့လည်း အချိတ်အဆက် ရှိရမယ်။ ပြီးတော့ ဟိုဘက် ကုန်သည်က ဟိုဘက် ကယ်ရီရှိမှ သွားလို့ရတယ်။ အဲဒီလမ်းကြောင်းက ကယ်ရီသပ်သပ်။ သူတို့ကိုယ်တိုင်လည်း မသယ်ရဲဘူး ကုန်သည်က။ ကျနော်တို့ဘက်ကတော့ ဂျူတီဆောင် သွားကြပါတယ်။ သူတို့ဘက်ကတော့ အဖမ်းအဆီး ရှိတာ ပေါ့။ ဟိုဘက်ကတော့ မှောင်ခိုပါပဲ။
 
ဒီမှာရှိတဲ့ဟာတွေ တချို့ နည်းနည်း သွားကြတယ်။ အခက်အခဲတော့ အဲ လောက်ထိတော့ မရှိပါဘူး အဲဒီဘက် လမ်းကြောင်းက။ လမ်းတော့ နည်းနည်း ဆိုးတယ်။ ကုန်ကျမှုအပိုင်းကတော့ များတော့များတယ်။ ကျနော်ကတော့ အဲဒီဘက်လမ်းက ကုန်ကျမှုတော့ မပြောတတ်ဘူး။ များတာတော့ များ တယ်” ဟု ပြောသည်။

တမူးမြို့ နန့်ဖာလုံဈေးကိုတွေ့ရစဉ်

အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရာတွင် မိုရေး-တမူး နန့်ဖာလုံဈေးမှတဆင့် ကုန်သွယ်မှုရှိခဲ့ခြင်းကြောင့် ကုန်ကျစရိတ် များ မရှိသော်လည်း လက်ရှိတွင် မဖြစ်မနေ တင်ပို့ရမည့် ကုန်ပစ္စည်းတချို့ကို တခြားသော လမ်းကြောင်းများမှ ကုန်သွယ်နေရခြင်းကြောင့် ကုန်ကျစရိတ်များ ကြီးမြင့်နေသည်ဟု ကုန်သည်များက ပြောသည်။

တချို့သော ကုန်သည်များသည် တမူး - မိုရေး လမ်းကြောင်းသာ ကုန်သွယ်သည့်အတွက် လက်ရှိတွင် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်နားထားရသည်ဟု ကလေး - တမူး - ကလေးဝ နယ်စပ်ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါက အိန္ဒိယက ရွာပဲ ရှိတာလေ မြို့မရှိဘူး။ အိန္ဒိယ မဏိပူရ် ပြည်နယ်ထဲ သွားဖို့ဆိုတာ အဝေးကြီး သွားရတာ ကျန်သေးတယ်။ အဲဒါတွေကတော့ official မဟုတ်ဘူးလေ။ ဒါကျတော့ ပိုက်ဆံမရှိ ရှာကြမှာပေါ့ တခြားအလုပ်။ 

အဆင်ပြေတဲ့နေရာ လုပ်ကြမှာပေါ့။ အဆင်ပြေတဲ့နေရာ နေကြမှာပဲလေ။ အဲဒါတွေ မသိဘူးဗျ ကျနော်တို့က တမူးနဲ့ မိုရေးကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ဘာမှလုပ်မရလို့ စိတ်ညစ်နေရတာပဲ ရှိတယ်” ဟု ပြော သည်။

တမူး-မိုရေး နယ်စပ်မျဉ်းကိုတွေ့ရစဉ်

အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အကြောင်းပြချက်ဖြင့် အိန္ဒိယနိုင်ငံဘက်က ၂၀၂၀ မတ်လမှစတင်၍ ကုန်သွယ်ရေးဂိတ်ကို ပိတ်ထားခဲ့ပြီး မြန်မာကုန်သည်များအနေဖြင့် တရားဝင် အခွန်ပေးဆောင်၍ ကုန်စည်များ တင်ပို့သော်လည်း တစ်ဖက်နိုင်ငံတွင် တရားမဝင် သဘော ဖြစ်နေ သည်ဟု သိရသည်။

လက်ရှိတွင်လည်း မဏိပူရ်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူမျိုးရေး အဓိကရုဏ်းကြောင့် နယ်မြေတည်ငြိမ်မှု မရှိသေးကြောင်း သိရသည်။

အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ကိုဗစ် မတိုင်ခင်ကာလ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် တမူးနယ်စပ်မှ တဆင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၇၃၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၃ သန်းနှင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၁၇၄ သန်း ကုန်သွယ်မှု ပြုလုပ်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။