CNI International News

ရှီယန်၊ မေလ ၂၀

ဗဟိုအာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ရည်ရွယ်ချက် ကြီးမား သော အစီအစဉ်တစ်ခုကို ထုတ်ပြန် ကြေညာခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။

ထိုအစီအစဉ်တွင် ကုန်သွယ်မှုကို မြှင့်တင်ရေးအတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ရေး၊ အစဉ် အလာအရ ရုရှား၏ လွှမ်းမိုးမှု ကြီးစိုးခဲ့သော ဒေသအတွင်း ခေါင်းဆောင်မှု ပုံစံအသစ် ဖြစ်ပေါ်လာရေးတို့ ပါဝင် သည်။

တရုတ်သည် ကာဇတ်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့မင်နစ္စတန်နှင့် ဥဇဘတ်ကစ္စတန် စသော နိုင်ငံ များနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ပူးပေါင်းဆောင်ရွက်ကာ ယင်းတို့အားလုံးကို ခေတ်မှီစေရေး အထောက်အကူ ဖြစ်စေရန် အဆင်သင့်ရှိကြောင်း ရှီက သောကြာနေ့ ရှီယန် (Xian) မြို့တွင် ကျင်းပခဲ့သည့် တရုတ်-ဗဟိုအာရှ ညီလာခံတွင် ပြောခဲ့သည်။

ယခုညီလာခံသည် နိုင်ငံခြောက်ခု၏ ဖွံ့ဖြိုးတိုးတက်မှု၊ ရှင်သန်ရုန်းထွက်နိုင်မှုတို့အတွက် တွန်းအားအသစ်ကို ဖြစ်စေကာ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် ခိုင်မာသော စွမ်းအင်ကောင်းများကို ဖြစ်စေသည်ဟု ရှီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

 ဗဟိုအာရှ အစည်းအဝေးကို ကျင်းပနေစဉ်

ခိုင်မာသော လိုက်လျောညီထွေဖြစ်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုတို့အတွက် စံနမူနာအသစ်တစ်ခု ဖြစ်လာစေရေး ပူးပေါင်း မြှင့်တင်သွားမည်ဟုလည်း ရှီက ပြောသည်။ညီလာခံ၌ ရှီသည် တရုတ်နှင့် ကာဇတ်စတန်တို့အကြား ခိုင်မာသော ဆက်ဆံရေး ရှိထားသည်ဟု ကာဇတ်သမ္မတ ကာဆင်ဂျိုမတ် တိုကာယတ်ဗ် (Kassym Jomart Tokayev) အား ပြောခဲ့သည်ဟု ရှီယန်ရှိ Al Jazeera သတင်း ထောက် ဂျက်စီကာ ဝါရှင်တန် (Jessica Washington) က ပြောသည်။

ယင်းက ရှီအနေဖြင့် ဗဟိုအာရှနိုင်ငံများကို ပြောခဲ့သည့် စကားဖြစ်ကြောင်း၊ တရုတ်အား ဒေသတွင်း ယုံကြည်၍ ရသော နိုင်ငံတစ်ခုအဖြစ် ပူးပေါင်းမှုနှင့် မိတ်ဆွေဖြစ်မှုတို့အတွက် ပြောခဲ့သော မက်ဆေ့ချ် ဖြစ်ကြောင်းလည်း ဝါရှင်တန်က ပြောသည်။

အဆိုပါ ခြောက်နိုင်ငံအနေဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း လွတ်လပ်၍ လေးစားမှုရှိစွာ ရွေးချယ် ရမည်ဖြစ်ကြောင်း၊ နယ်မြေ ပိုင်ဆိုင်မှု၊ လုံခြုံရေးနှင့် လွတ်လပ်မှု၊ အချုပ်အခြာအာဏာတို့သည် လုံခြုံမှုရှိရမည် ဖြစ်သည်ဟု ပြောခဲ့သည်။

ရှီကျင့်ဖျင် ဗဟိုအာရှအစည်းအဝေး တက်ရောက်စဉ်

ထိုကဲ့သို့သော တွေ့ဆုံမှုများဖြင့် တရုတ်သည် အရင်းအမြစ် ကြွယ်ဝသော ဒေသအတွင်း နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှု နှင့် စွမ်းအင်ပိုင်ဆိုင်မှု ရရှိရေး ယှဉ်ပြိုင်မှုတွင် ဦးဆောင်နိုင်အောင် လုပ်ဆောင်လျက် ရှိသည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားတို့ အားနည်းနေချိန်၊ အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာသွား၍ ဒေသတွင်း အမေရိကန်တို့၏ အင်အားနည်းပါး နေချိန်တွင် ဖြစ်သည်။

ဆိုဗီယက်နိုင်ငံဟောင်းများ၏ ကုန်သွယ်ရေး စင်္ကြန်ကွန်ယက်သည်လည်း ကမ္ဘာတစ်လွှား မတည်ငြိမ်မှုများ ရှိနေချိန်တွင် တရုတ်နိုင်ငံအတွက် လောင်စာ၊ အစားအသောက်နှင့် တခြားသော အရာများကို သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ရရှိစေမည်လည်း ဖြစ်သည်။

Source: Aljazeera