CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂

ကုလားတန်မြစ် စီမံကိန်း၏ သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ်ကို မေလ ၉ ရက်နေ့တွင် ဖွင့်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံနှင့် ကုန်စည်တိုက်ရိုက် ကူးသန်းမည့် ဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်း၊ ဖွင့်ပွဲ မပြုလုပ် ရသေးသော်လည်း ဇန်နဝါရီလ ကတည်းကပင် အသုံးပြုနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်မည့် လမ်းကြောင်းကိုတွေ့ရစဉ်

၎င်းက “လက်ရှိကတော့ ကျနော်တို့လည်း ၉ ရက်နေ့ပဲ ဖွင့်မယ်လို့ ကြားထားတယ်ဗျ။ ကျန်တဲ့ အခြေအနေတွေ တော့ ဘာမှ မသိသေးဘူး။ လောလောဆယ် တရားဝင် ဖွင့်ဖို့ကိုပေါ့။ လက်ရှိကတော့ ဒီအတိုင်းပဲ ရှိနေမှာပါ။ ဘာလို့ဆို ဖွင့်လည်း ဆိပ်ကမ်းက အသုံးပြုလို့ ရနေပြီလေ။ ပြီးခဲ့တဲ့ ၁ လပိုင်းကတည်းက အသုံးပြုလို့ ရနေပြီ။ အခုမှ ဖွင့်ပွဲပဲ ထပ်လုပ်တဲ့ သဘောပါပဲ” ဟု ပြောသည်။

စစ်တွေ ဆိပ်ကမ်းသစ်သည် တန်ချိန် ၅၀၀၀ နှင့် ၆၀၀၀ ဆံ့သည့် သင်္ဘောများ ပြေးဆွဲနိုင်သည့်အတွက် ကုန်သွယ် ရေး လုပ်ရာတွင် ပိုမိုကုန်သွယ်နိုင်ပြီး ကုန်သွယ်မှု လျင်မြန်လာမည်ဟု ကုန်သည်များက ပြောသည်။

လက်ရှိတွင် ကုန်သွယ်မှုများ ပြုလုပ်ရန်အတွက် သင်္ဘောလိုင်းများ မရှိသေးကြောင်း၊ အချိန်မှန် ပြေးဆွဲမည့် သင်္ဘောနှင့် ကမ်းရိုးတန်း သင်္ဘောလိုင်းများ ရှိမှသာ ကုန်သွယ်မှုများ မြင့်တက်လာမည်ဟု ရခိုင်ပြည်နယ် ကုန်သည်များက ပြောသည်။

စစ်တွေ ဆိပ်ကမ်းသစ်ကိုတွေ့ရစဉ်

ကုလားတန်မြစ်ကြောင်း ဘတ်စုံသုံး သယ်ယူပို့ဆောင်ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ် သည် အိန္ဒိယနိုင်ငံ၊ ကာလက္ကတား ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ တိုက်ရိုက်ကုန်သွယ်သည့် လမ်းကြောင်း တစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းနှင့်လည်း ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။