CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

ဧရာဝတီတိုင်းဒေသကြီးတွင် လက်ရှိ၌ နွေစပါးရိတ်သိမ်းနေသည့်အချိန်ဖြစ်ပြီး စပါးထွက်ရှိမှုနှုန်းသည် အထွက် နှုန်းကောင်းမွန်နေပြီး တောင်သူအများစုသည် ၁ ဧကလျှင် စပါးတင်း ၁၀၀ အထက်တွင် ထွက်ရှိနေကြသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။

ထိုသို့ နွေစပါးအထွက်နှုန်း ကောင်းမွန်ရခြင်းသည် မိုးစပါးဈေးနှုန်း ကောင်းမွန်နေသည့်အတွက် တောင်သူများ သည် နွေစပါးစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် သွင်းအားစုစရိတ်များကို ပြည့်မှီအောင် ထည့်သွင်းခြင်းနှင့် တောင်သူများကို ၁ ဧကလျှင် မြေဩဇာ ၂ အိတ်နှုန်းဖြင့် ထုတ်ချေးပေးခြင်း တို့ကြောင့် ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဒီဘက်မှာ အခုသိမ်းနေကြတဲ့ တောင်သူတွေအားလုံးကတော့ ၁၀၀ အောက်ဆိုတဲ့သူ ခပ်ရှားရှားပါ လကုန်ခါနီး ရိတ်တဲ့ တောင်သူတွေလေ။ ဒုတိယပတ်က ရိတ်တဲ့တောင်သူတွေ ၁၀၀ အောက် လျော့တဲ့သူက ခပ်ရှားရှားပါ။ အထွက်နည်းတဲ့သူတွေကျတော့ ၄၀၊ ၅၀၊ ၆၀၊ ၇၀ ထွက်တဲ့သူတွေလည်း ရှိတာပေါ့။ စပါးဈေးက သင့်တင့် လျောက်ပတ်တဲ့ အမြတ်အစွန်းရနိုင်တဲ့ ဈေးနှုန်းရှိနေတဲ့အတွက် တောင်သူတွေက သွင်းအားစုကို အချိန်မှီအောင်၊ နောက်တစ်ခါကျတော့ တတ်နိုင်သလောက် သွင်းအားစုကို ဖြည့်ပြီးတော့ သွင်းကြတယ်။ ဒါက နံပါတ် ၁ ပေါ့ ဈေးနှုန်းကြောင့်။ နံပါတ် ၂ ကတော့ နွေစပါးစိုက် တောင်သူတွေအတွက် ၁ ဧကကို ၂ သိန်းဖိုးပေါ့ မြေဩဇာ ၂ အိတ် အဲဒါကို ကန်ထရိုက်လယ်ယာစနစ်နဲ့လေ အတိုးမဲ့ အဲဒါထုတ်ပေးတဲ့အတွက်ကြောင့်လည်း ပါတယ်” ဟု ပြောသည်။

စပါးရိတ်သိမ်းနေစဉ်

လက်ရှိတွင် နွေစပါးဈေးနှုန်းများသည် ဧည့်မထ စပါးတင်း ၁၀၀ လျှင် ၁၃ သိန်းမှ ၁၅ သိန်းအထိ ဈေးနှုန်း ဖြစ်ပေါ် နေသည်ဟု သိရသည်။

နွေစပါးအထွက်နှုန်း ကောင်းမွန်ပြီး စပါးဝယ်လိုအား ကောင်းသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းသည် ကျဆင်း မည် မဟုတ်သေးကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် သွင်းအားစုစရိတ် လျော့ကျမှသာ ဆန်ဈေး နှုန်းများ ကျဆင်းမည်ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“အခု စပါးဈေးက ဝယ်လိုအားများပြီး ရောင်းလိုအားများနေတဲ့အတွက် စပါးဈေးကျပေမယ့် ဆန်ဈေး မကျဘူး။ လယ်သမားတွေ ရိတ်ပြီးသွားတဲ့အခါ ငွေမရှိတော့ အကြွေးတွေက ပေးရတဲ့အခါ စက်တွေကို တအားပေးတဲ့အခါ ကျ စက်တွေက နင်းဝယ်တဲ့အခါကျတော့ လယ်သမား ကုန်သွားပြီဆို စပါးဈေးတွေက တက်ပြီ ၁ လလောက် နေရင်။ အခု စပါးဈေးနဲ့ဆို မကျနိုင်ဘူး ဒီအတိုင်းပဲ ဆက်သွားဦးမယ်။ အဲဒါက သွင်းအားစုတွေက ဈေးကျမယ်၊ ပုလဲဓာတ်မြေဩဇာလည်း ဈေးကျမယ်၊ ရေနံဈေးကလည်း ဈေးကျမယ်ဆိုရင် ဆန်ဈေးကလည်း ကျသွားမှာပေါ့။ အခု အဖက်ဖက်က သွင်းရတဲ့ သွင်းကုန်ကလည်း ဈေးကြီးနေတဲ့အခါကျတော့ ဈေးတက်နေတာ” ဟု ပြောသည်။
သွင်းအားစု ထည့်သွင်းသော်လည်း စပါးရွက်ဖျက်ပိုးကျခြင်း၊ မှိုရောဂါနှင့် အသီးပိုးများ ဝင်ခြင်းတို့ကြောင့် အထွက် နှုန်း လျော့နည်းသည့် တောင်သူများသည် ဘိုကလေးမြို့နယ်တွင် အများဆုံး ကြုံတွေ့နေရပြီး ၁ ဧကလျှင် ၇၀ တင်းခန့်သာ ထွက်ရှိသည်ဟု သိရသည်။

နွေစပါးစိုက်ပျိုးရာတွင် တောင်သူအများအပြားသည် မြေဩဇာ အထောက်အပံ့များ ရရှိသော်လည်း ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တချို့မြို့နယ်များတွင် အထောက်အပံ့မရကြသည့် လယ်သမားများလည်းရှိကြောင်း၊ ဒါ့အပြင် မိုးစပါးစိုက်ရာသီတွင်လည်း ဓာတ်မြေဩဇာ အထောက်အပံ့များ ထပ်မံရရှိစေရန်အတွက် တင်ပြသွားရန်ရှိသည်ဟု တောင်သူများက ပြောသည်။