CNI International News

ဖရန့်ဖတ်၊ မတ်လ ၂၃

ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံ ချေးငွေအစီအစဉ်နှင့် ပတ်သက်၍ ယူကရိန်းနှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF တို့အကြား သဘောတူညီချက် ရရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ထိုချေးငွေ အစီအစဉ်သည် ရုရှား၏ ကျူးကျော်စစ်ကြောင့် ကျဆင်းလာရသည့် ယူကရိန်း၏ ဘဏ္ဍာရေး အခြေ အနေကို မြှင့်တင်ရန် ယူကရိန်းသည် ခိုင်မာသော စီးပွားရေးမူဝါဒများအတိုင်း ဆောင်ရွက်ခြင်း၊ အကျင့်ပျက် ခြစားမှုကို တိုက်ဖြတ်ခြင်း စသည့်တို့ဖြင့် မဟာမိတ်များ၏ ယုံကြည်မှုကို ရယူကာ အကူအညီများ ထပ်မံရရှိရေး အတွက် ရည်ရွယ်သည်။

ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့သော ချေးငွေ အစီအစဉ်သည် ယူကရိန်း၏ နိုင်ငံတကာ မိတ်ဖက်များထံမှ ငွေကြေး ထောက်ပံ့မှုကို စုစည်းရေးအတွက်သာမက အသေးစား ငွေကြေးလုပ်ငန်း တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် စစ်အောင်ပွဲ ရရှိချိန်တွင် ပြည်လည် တည်ဆောက်ရေး လမ်းကြောင်းကို သေချာစေရေးတို့ကိုပါ အထောက်အကူ ဖြစ်စေမည်ဟု ယူကရိန်းဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

IMF ရုံးကိုတွေ့ရစဉ်

ချေးငွေ အစီအစဉ်သည် လေးနှစ်ကြာမည်ဖြစ်ကာ ပထမ ၁၂ လမှ ၁၈ လအတွင်း ယူကရိန်း၏ ကြီးမားသော ဘတ်ဂျက်လိုငွေပြမှုကို ကျဉ်းမြောင်းစေရန်နှင့် အသုံးစရိတ်အတွက် ငွေစက္ကူ ရိုက်နှိပ်ရေး ဖိအားများကို သက်သာ စေရန် ရည်ရွယ်သည်ဟု အင်္ဂါနေ့က IMF မှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

ပင်စင်ပေးရန်၊ လစာပေးရန်နှင့် တခြားသော ဝန်ဆောင်မှုများအတွက် ငွေစက္ကူများ ရိုက်နှိပ်ခြင်းသည် ငွေကြေး ဖောင်းပွမှုနှင့် မတည်မငြိမ်မှုတို့ကို ဖြစ်စေသည်။ အစီအစဉ်၏ ကျန်အစိတ်အပိုင်းများသည် ယူကရိန်း၏ အီးယူ အဖွဲ့ဝင် ဖြစ်ရေးနှင့် စစ်အပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထောက်ပံ့သွားမည် ဖြစ်သည်။

IMF နှင့် သဘောတူညီချက်သည် G-7 နိုင်ငံများနှင့် အီးယူတို့ ကဲ့သို့ ဖြစ်လာနိုင်သော အလှူရှင်နိုင်ငံများကို ယူကရိန်းသည် ကောင်းမွန်သော စီးပွားရေး မူဝါဒများကို အကောင်အထည် ဖော်နေသည်ဆိုသည့် သက်သေခံ ချက်ကို ဖြစ်စေသောကြောင့် ယူကရိန်းအနေဖြင့် နောက်ထပ် ငွေကြေးများ ထပ်မံရရှိမည်ဟုလည်း ယူဆရသည်။

သဘောတူညီချက်သည် IMF ၏ အမှုဆောင် ဘုတ်အဖွဲ့ထံမှ အတည်ပြုချက် လိုအပ်နေဆဲ ဖြစ်သော်လည်း ယင်း သည် အစီအစဉ် ကာလအတောအတွင်း ယူကရိန်း၏ နိုင်ငံတကာ အလှူရှင်များထံမှ ကြီးမားသည့် ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အလျော့ပေးမှုများကိုလည်း ရရှိစေနိုင်သည်ဟု ယူကရိန်း နိုင်ငံဆိုင်ရာ IMF မစ်ရှင် အကြီးအကဲ က ပြောသည်။

ရုရှားပစ်ခတ်မှုကြောင့် ပျက်စီးနေသော ယူကရိန်းနိုင်ငံအတွင်းက အဆောက်အအုံကိုတွေ့ရစဉ်

လွှတ်တော်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် ယူကရိန်း အာဏာပိုင်များသည် ကောင်းမွန်သော စီးပွားရေး မူဝါဒအတွက် ၎င်းတို့၏ ပေးထားသော ကတိကို တည်ကြောင်း ပြသနိုင်ခဲ့ကာ သဘောတူရန် လိုအပ်သည့် ရည်မှန်းချက်များနှင့်လည်း ကိုက်ညီမှု ရှိခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် IMF ကပြောသည်။

ယူကရိန်းနှင့် သဘောတူညီချက်သည် စစ်ဖြစ်နေသော နိုင်ငံမျးကို ငွေထုတ်ချေးသည့် IMF ၏ သဘော သဘာဝကိုလည်း ကျော်လွန်လျက်ရှိသည်။

Source: AP