CNI International News

ဂျင်ဂျိုး၊ မတ်လ ၄

Apple ၏ မိတ်ဖက်ဖြစ်သော Foxconn Technology Group သည် ဒေသတွင်း ထုတ်လုပ်မှုကို မြှင့်တင်ခြင်း အ ဖြစ် အိန္ဒိယတွင် စက်ရုံသစ်တစ်ခု တည်ဆောက်ရန် ဒေါ်လာသန်း ၇၀၀ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန် စီစဉ်နေ သည်ဟု South China Morning Post သတင်းတွင် ဖော်ပြသည်။

တရုတ်-အမေရိကန် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထုတ်လုပ်မှုများအား တရုတ်ပြင်ပတွင် လုပ်ဆောင်ရန် ပြောင်းလဲလာခြင်း ဖြစ်သည်။

Hon Hai Precision Industry ဟုထင်ရှားသော ထိုင်ဝမ်ကုမ္ပဏီသည် ဘန်ဂလော (Bangalore) လေဆိပ် အနီး တွင် ဧက ၃၀၀ ရှိသော နေရာ၌ iPhone အစိတ်အပိုင်းများ ထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

အဆိုပါ စက်ရုံတွင် Apple ၏ ဟမ်းဆက်များကို ထုတ်လုပ်မည်ဖြစ်ပြီး Foxconn သည် ယင်းစက်ရုံကို ၎င်းတို့၏ ဖွံ့ဖြိုးစ လျှပ်စစ်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရန် အသုံးပြုဖွယ်လည်း ရှိသည်။

ယခုကိစ္စသည် Foxconn ၏ အိန္ဒိယတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများမှ တစ်ခုဖြစ်ကာ တရုတ်အနေဖြင့် ကမ္ဘာ့ အကြီးဆုံး လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူ နိုင်ငံဆိုသည့် အနေအထားကို ဆုံးရှုံးနိုင်ခြေ ရှိနေသည် ဆိုခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

Apple နှင့်တခြားသော အမေရိကန် ဘရမ်းများသည် တရုတ်အခြေစိုက် supplier များမှ ထွက်ခွာကာ အိန္ဒိယနှင့် ဗီယက်နမ်တို့ ကဲ့သို့သော တခြားနေရာများကို ရှာဖွေလာကြသည်။

ယင်းက ကူးစက်ရောဂါ ဖြစ်ပွားမှု ကာလနှင့် ယူကရိန်းစစ်ပွဲအတွင်း ပေါ်ပေါက်လာသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း ပြောင်းလဲမှုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်မှုပုံစံကိုလည်း ပြောင်းလဲပေးနိုင်ဖွယ်ရှိသည်။

တရုတ်မှာရှိသည့် Foxconn Technology Group ကိုတွေ့ရစဉ်

အိန္ဒိယရှိ စက်ရုံသစ်တွင် အလုပ်အကိုင်နေရာ ၁၀၀၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းကြောင်း အမည်မဖော် လိုသည့် နီးစပ်သူက ပြောသည်။

လက်ရှိ တရုတ်နိုင်ငံ ဂျင်ဂျိုး (Zhengzhou) မြို့ရှိ စက်ရုံတွင် အလုပ်အကိုင် နေရာပေါင်း ၂၀၀၀၀၀ ရှိသော်လည်း ထုတ်လုပ်မှုဆိုင်ရာ အမြင့်ဆုံး အနေအထားတွင် ထိုထက် ပိုများမည် ဖြစ်သည်။

ကိုဗစ်နှင့် ဆက်စပ်နေသော အခြေအနေများကြောင့် ဂျင်ဂျိုးစက်ရုံရှိ ထုတ်လုပ်မှုသည် နှစ်ကုန်ပိုင်း အားလပ်ရက် မတိုင်ခင် ထိုးကျသွားခြင်းကြောင့် Apple အနေဖြင့် တရုတ်ရှိ supplier များ၏ အခြေအနေကို ပြန်လည် စဉ်းစား ရန် ဖြစ်စေသည်။

Foxconn ၏ ဆုံးဖြတ်ချက်ကြောင့် Apple ၏ supplier များသည် တရုတ်မှ ခန့်မှန်းထားသည်ထက် ပို၍ မြန်မြန် ထွက်ခွာမည့် သဘောမျိုးလည်း ဖြစ်သည်။

ယခုအစီအစဉ်သည် တရုတ်မှ ဗီယက်နမ်ဘက်သို့ ပြောင်းလဲလာမည့် အရိပ်အယောင်မျိုးလည်း ဖြစ်သည်။

စက်ရုံတည်ဆောက် ပြီးစီးချိန်တွင် ယင်းသည် အိန္ဒိယ၏ iphone အစိတ်အပိုင်းများ ထုတ်လုပ်နိုင်မှုကို ၁၀ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

လက်ရှိ ထုတ်လုပ်နိုင်မှုမှာ ၅ ရာခိုင်နှုန်းသာ ရှိသည်။

သို့သော် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်နှင့် ယင်း၏ အသေးစိတ် အချက်အလက်များမှာ အပြီးသတ်နေဆဲ ဖြစ်ခြင်း ကြောင့် Foxconn ၏ စီမံကိန်းမှာ ပြောင်းလဲသွားနိုင်ခြေ ရှိနေဆဲဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ထို့အပြင် စက်ရုံသစ်အနေဖြင့် ထုတ်လုပ်မှု အသစ်များကို လုပ်ဆောင်မည်လား သို့မဟုတ် တရုတ်စက်ရုံများမှ ထုတ်လုပ်မှုများကို ပြောင်းရွှေ့လာမည်လား ဆိုသည်ကိုလည်း တိတိကျကျ သိရခြင်း မရှိသေးပေ။

ထိုကိစ္စနှင့်ပတ်သတ်၍ Apple ဘက်မှ တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုထားပြီး Hon Hai ၏ဥက္ကဋ္ဌ ဖြစ်သူက လည်း ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားမှုမရှိသေးပေ။

Source: SCMP