CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

ရုရှားနိုင်ငံဘက်မှ မြန်မာကျပ်ငွေအား လက်မခံဘဲ ၎င်းတို့၏ ရူဘယ်ငွေဖြင့်သာ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် ပေးချေမှု ပြုမည်ဆိုပါက မြန်မာကျပ်ငွေတန်ဖိုး မြင့်နိုင်ဖွယ်မရှိကြောင်း စီးပွားရေး ပညာရှင်များက CNI သတင်းဌာနသို့ သုံးသပ်ပြောဆိုသည်။

မြန်မာကျပ်ငွေသည် ရုရှားငွေ ရူဘယ်နှင့် အထိုက်အလျောက် ဆက်သွယ်ထားသည့်အတွက် ကျပ်ငွေ တန်ဖိုး မြင့်လာနိုင်ဖွယ်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်များက ယခုကဲ့သို့ သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။

စီးပွားရေးပညာရှင် ဦးသူ(အမည်လွှဲ)က “မြန်မာ-ရုရှားက Trade(ကုန်သွယ်မှု)ရော Investment (ရင်းနှီးမြှုပ်နှံမှု) ရော အဲဒီလောက် ရှိတာမှ မဟုတ်တာ။ ရုရှားနဲ့ မြန်မာနဲ့ Trade Investment က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Trade Investment ရဲ့ 2% 3 % လောက်ပဲ ရှိမယ်နဲ့တူတယ်။ အဓိကကတော့ ရူဘယ်-ကျပ် ချိတ်ဆက်တယ် ဆိုပေမယ့် ရူဘယ်ကိုပဲ Center လုပ်မှာပါပဲ။ ဒီက export ပို့လိုက်တဲ့ဟာကို သူတို့က ရူဘယ်နဲ့ ချေမယ်၊ အဲဒီ သဘောမျိုးပဲ။ အဲဒီရတဲ့ ရူဘယ်နဲ့ သူတို့ဆီက import ပြန်သွင်း အဲဒီသဘောမျိုးပဲ ဖြစ်မှာပဲ။ ကျပ်ကတော့ လောလောဆယ် stability မရသေးသရွေ့ကတော့ သူတို့ လက်ခံလည်း အနည်းအကျဉ်းတော့ လက်ခံမှာပဲ။ ရုရှား က ဝယ်တဲ့ပစ္စည်းကို ဗမာငွေနဲ့ချေမယ်ဆိုရင် ရုရှားက လက်ခံမလား အဲဒါတော့ ရှိတယ်။ ကိုယ်က တစ်ဖက်သတ်ပဲ ဆိုရင်က အဲဒီလောက် impact မရှိဘူးလေ။ အခုလိုမျိုး stable မဖြစ်ရင်တော့ ဘယ်လက်ခံမလဲ။ ဥပမာ ရုရှား တစ်ရူဘယ်ကို ဗမာငွေ ထားပါတော့ ၁၀၀။ အဲဒီ ၁၀၀ မှာ ငြိမ်နေရင်တော့ လက်ခံရင် လက်ခံမှာပေါ့။ ဒါပေမယ့် ၁၀၀ မှာ မငြိမ်ဘူး။ ဗမာငွေက တန်ဖိုးဆက် ကျနေတယ်။ သူတို့ ဝယ်ထားတုန်းက တစ်ရူဘယ်ကို ၁၀၀ နဲ့ လက်ခံ ထား လိုက်ရတယ်။ တကယ်သူတို့ ဒီဘက်မှာ ပစ္စည်းဝယ်မယ်လည်းလုပ်ရော တစ်ရူဘယ်ကို ၁၁၀ တွေ ၁၂၀ တွေ ဖြစ်သွားပြီဆိုရင် သူတို့က ပိုပေးရတယ်။ နဂိုက ကိုယ့်ဘာသာ ရူဘယ်ပဲ လက်ခံထားရင်က ပြဿနာမရှိဘူး။ ဒေါ်လာ လက်ခံထားရင်က ပြဿနာမရှိဘူး။ ဗမာငွေကျပ် လက်ခံထားရင် ဒီဘက်က တည်ငြိမ်မှုမရှိရင် သူတို့က ရှုံးမှာပေါ့။ အရှုံးပေါ်မှာပေါ့။ အဲဒီလို အရှုံးပေါ်တယ်ဆိုရင် သူတို့ကလည်း ဘယ်လက်ခံချင်မလဲ” ဟု CNI သတင်း ဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပူတင် တွေ့ဆုံဆွေးနွေးစဉ်

လက်ရှိတွင် မြန်မာနိုင်ငံသည် တရုတ်နှင့်ကုန်သွယ်ရာတွင် တရုတ်ငွေ (ယွမ်)- မြန်မာငွေ(ကျပ်)ဖြင့်လည်းကောင်း၊ ထိုင်းနှင့်ကုန်သွယ်ရာ၌ ထိုင်းငွေ(ဘတ်)-မြန်မာငွေ(ကျပ်)ဖြင့်လည်းကောင်း ငွေကြေးတိုက်ရိုက် ချိတ်ဆက်၍ ကုန်သွယ်မှုများ ပြုလုပ်နေသည်။

ထို့နောက် အိန္ဒိယနှင့်ကုန်သွယ်ရာတွင် အိန္ဒိယငွေ(ရူပီး)နှင့်မြန်မာငွေ(ကျပ်) တိုက်ရိုက်ချိတ်ဆက်၍ ကုန်သွယ်နိုင် ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့သော် မြန်မာကျပ်ငွေ တန်ဖိုး တက်ခြင်း၊ကျခြင်းသည် ယခုကဲ့သို့ ငွေကြေး ချိတ်ဆက်မှုသာမက ပို့ကုန်တင်ပို့ နိုင်မှု အပေါ်တွင်လည်း မူတည်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငွေတန်ဖိုး မြင့်လား မတက်လားကတော့ ကျနော်တို့ရဲ့ export ဘယ်လောက်ရလဲအပေါ် မူတည်တာပေါ့။ ရုရှားကနေပြီးတော့ ကျနော်တို့ဆီက ဆန်တို့၊ ပြောင်းဆန်တို့ ကျန်တဲ့ export ပစ္စည်းတွေဝယ်ရင်တော့ ငွေတန်ဖိုး တက်လာနိုင်တာပေါ့။ အဓိက point ကတော့ သူတို့နဲ့ ကုန်သွယ်ရေးရှိရင်တော့ သူတို့ ပြန်သုံးဖို့ ရှိတယ်ဆိုရင်တော့ လက်ခံမှာပဲ။ ပြန်သုံးလို့ ရတယ်ဆိုရင်တော့လေ။ အဓိကကတော့ ငွေကြေး ချိတ်တယ် မချိတ်တယ်နဲ့စာရင် ကျနော်တို့က export ဘယ်လောက် ရောင်းနိုင်မလဲ ဒီဟာက ပိုပြီး အရေးကြီးတာပေါ့နော်။ အဲဒီဟာ ပထမ ခြေလှမ်းကတော့ ငွေပေးချေနိုင်မှုပေါ့နော်။ နောက် ဒုတိယခြေလှမ်းက ဒီအပေါ် အခြေခံပြီး ကျနော်တို့ရဲ့ ကုန် ပစ္စည်းတွေ မြန်မာနိုင်ငံက ထွက်ကုန်တွေ ဘယ်လောက်များ ရုရှားကို ဘယ်လောက် ပို့ပေးနိုင်မလဲ။ ဒါမှမဟုတ် တခြားကို ဘယ်လောက် ရောင်းနိုင်မလဲ။ အဲဒီအပေါ်မူတည်ပြီး ငွေကြေးက ခိုင်မာမှုတို့ ဘာတို့က တက်လာတာ ပေါ့လေ။ သူတို့ဆီမှာကတော့ လိုအပ်ချက်တော့ ရှိတယ်။ ကျနော်တို့ဆီနဲ့ ကုန်သွယ်မှုသာ နည်းတာပေါ့။ ရုရှား အနေနဲ့လည်း သူတို့ဆီမှာ စားနပ်ရိက္ခာ လိုအပ်ချက်အချို့ ရှိနေတာမျိုးတွေ ရှိတော့ တစ်ချိန်ကျရင်တော့လည်း ဒါတဖြေးဖြေးတော့ ကုန်သွယ်မှုတော့ တက်လာမယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

ကုန်သွယ်ရေးလုပ်နေသည့် ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်

လက်ရှိတွင် ပြည်ပသို့ ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်သွားသည်ကို မတွေ့ရဘဲ ပုံမှန် အတိုင်းသာ ရှိနေသေးကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံနှင့် စီးပွားရေးတွင်သာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေ သကဲ့သို့ နှစ်နိုင်ငံ နားလည်မှု သဘောတူ စာချွန်လွှာများလည်း ရေးထိုးထားသည်။

ထို့ပြင် ရုရှားနိုင်ငံတွင် အသုံးပြုသည့် MIR ကတ်ကိုလည်း သုံးစွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံရေးအရကြည့်ပါက ယခုကဲ့သို့ ရုရှားနိုင်ငံနှင့် တိုက်ရိုက် ချိတ်ဆက်မှုသည် မျက်နှာတစ်ခု ရသွားခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လယ်ယာထွက်ကုန်ပစ္စည်းများ ထွက်ပေါ်ချိန် ဖြစ်သည့်အတွက် ထိုထွက်ကုန်များအား Export ပိုမို ပို့နိုင်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းမှ ပြန်လည် တက်လာနိုင်ဖွယ်ရှိကြောင်း စီးပွားရေး ပညာရှင်များက ပြောသည်။