CNI Article

လန်ဒန်၊ စက်တင်ဘာ ၉

စက်တင်ဘာ ၈ ရက်၌ ဘုရင်မကြီး အယ်လိဇဘတ် (၂) ကွယ်လွန် အနိစ္စရောက်သွားပြီး နောက်ပိုင်း အိမ်ရှေ့စံ မင်းသားဘဝမှ အလိုအလျောက် ဗြိတိန်ထီးနန်း ဆက်ခံလိုက်ပြီဖြစ်သော ဘုရင်ချားလ်စ် (၃)သည်  ၎င်း၏ ဘုရင်ဘဝ စတင်သော ပထမဆုံးနေ့တွင် လူထုမိန့်ခွန်း ပြောမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က စက်တင်ဘာ ၉ ရက်၊ ညနေပိုင်းတွင် ရေးသားဖော်ပြသည်။   

ဗြိတိန်ထီးနန်း ဆက်ခံပြီဖြစ်သည့်  ချားလ်စ်သည် ၎င်း၏မိခင် အယ်လိဇဘတ် ဘုရင်မကြီး ကွယ်လွန်ပြီး နောက် တစ်နေ့တွင် စကော့တလန်ရှိ ဘယ်မော်ရယ် (Balmoral) ရဲတိုက်မှ စက်တင်ဘာ ၉ ရက်တွင် လန်ဒန်မြိုတော်သို့ ပြန်လည်ရောက်ရှိလာမည်ဟု သိရသည်။

ဘုရင်မကြီးသည် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကမ္ဘာ့သက်တမ်း အရှည်ဆုံး ထီးနန်းစံခဲ့ သူလည်း ဖြစ်သည်။

ဘုရင်မကြီး အယ်လိဇဘတ် ကွယ်လွန်ခြင်း ၀မ်းနည်းအထိမ်းအမှတ်

စက်တင်ဘာ ၉ ရက် နှောင်းပိုင်းတွင် ထုတ်လွှင့်မည်ဟု  မျှော်လင့်ရသော ချားလ်စ်၏ ရုပ်သံလိုင်းမှတဆင့် မိန့်ခွန်း သည် ဘုရင်မကြီးအတွက် ထူးထူးခြားခြား အောက်မေ့ဖွယ် ဖြစ်နေလိမ့်မည် ဖြစ်သည်။

သို့သော် ဘုရင်သစ်သည် ယခုသီတင်းပတ် အစောပိုင်းက တက်လာသော ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ် (Liz Truss) နှင့် ပရိသတ်ကို လက်ခံတွေ့ဆုံသည့် အခမ်းအနားကိုလည်း ကျင်းပရဦးမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ (စည်းမျဉ်းခံ) ဘုရင်စနစ်တွင် အုပ်ချုပ်မှု ဆက်လက် တည်မြဲမှုကိုလည်း အာရုံစိုက် ရန်ရှိနေသည်။

ဘုရင်မင်းမြတ် ချားလ်  မြို့တော်သို့ မရောက်ရှိမီ သေနတ်ဖောက် အလေးပြုသံများသည် ဟိုင်ဒီပန်းခြံနှင့် အခြားနေရာများမှ လန်ဒန်မြို့တစ်မြို့လုံးကြားအောင် ဘုရင်မကြီး၏ သက်တမ်းကို ရည်စူး၍ အကြိမ် ပေါင်း ၉၆ ကြိမ်၊ ဘုရင်သစ်အတွက် တစ်ကြိမ် စသည်ဖြင့် ပစ်ဖောက်၍ ဂါရဝပြုခဲ့သည်။

ဘုရင်မကြီးသည် လန်ဒန်မြို့တော် ပြင်ပရှိ ဘယ်မော်ရယ် ရဲတိုက်တွင် ကွယ်လွန်သွားခဲ့ရာ ချားလ်စ်လည်း လက်ရှိ မိဖုရားတစ်ဖြစ်လဲ ကြင်ယာတော် ကာမီလာနှင့်အတူ အားချင်းလိုက်သွားခဲ့သည်။  

ဘုရင်မကြီး အယ်လိဇဘတ်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နန်းစံသက် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ကာလတွင် ဘုရင်မကြီးသည် ချားလ်စ်နှင့် ကာမီလာတို့ကို ဗြိတိန်နိုင်ငံသားများ လိုလားလက်ခံကြစေရန်အတွက် တော်ဝင်မိသားစုဆိုင်ရာ ထုတ်ပြန်ချက် တစ်စောင် ရေးသားဖြန့်ဝေခဲ့သည်။

ယခုကဲ့သို့ ချားလ်စ် နန်းတက်သောအခါ ယခင်က ကာမီလာအပေါ် လူထု မည်သို့ သဘောထားကြမည်ကို မေးခွန်း ထုတ်စရာ ကောင်းနေသည်။ ချားလ်စ်သည် ဝေလမင်းသမီး ဒိုင်ယာနာနှင့် လက်ထပ်ခဲ့စဉ်က ဗြိတိန်လူထုက လိုလားနှစ်ခြိုက်စွာဖြင့် ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို စီးမျောခံစားခဲ့ကြသည်။  

နောက်ပိုင်းတွင် ချားလ်စ်သည် ဒိုင်ယာနာနဲ့ ကွာရှင်းခဲ့ပြီး ကာမီလာကို ပြောင်ပြောင်တင်းတင်း လက်ထပ်ခဲ့သည်။ ယခု အခါသမယတွင် ချားလ်စ်သည် ၎င်းနှင့်အတူ ယှဉ်တွဲ၍ ရာဇပလ္လင်ပေါ် တက်မည့် မိဖုရားကို လူထု လိုလားစေ ရန် များစွာ စည်းရုံးဆွဲဆောင်ရဦးမည် ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ်အသစ် မစ္စ ထရက်စ် ဘုရင်မကြီး မကွယ်လွန်ခင် တစ်ရက်အလိုက အတည်ပြုချက်ရယူစဉ်

လောလောလတ်လတ် ဝန်ကြီးချုပ် ဖြစ်လာသော မစ္စ ထရက်စ်ကတော့ ရာထူး လက်ခံယူသည့်နေ့တွင် ဘုရင်မ ကြီး မကွယ်လွန်မီ တစ်ရက်အလို နောက်ဆုံး တွေ့ခဲ့ရသူတစ်ဦး ဖြစ်နေခဲ့သည်။

ဘာကင်ဟမ်နန်းတော်တွင် ဘုရင်မကြီးထံမှ အတည်ပြုချက် ရယူပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာသူ ထရက်စ် သည် လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်တွင် မိန့်ခွန်းပြောခဲ့ပြီး ဖြစ်သည်။  

ဤသို့ဖြင့် ဘုရင်အသစ်၊ ဝန်ကြီးချုပ်အသစ်ဖြင့် ဗြိတိန်နိုင်ငံ၏ ရှေ့ခရီး ဆက်ကြရဦးမည်ဖြစ်သည်။

Source: New York Times