CNI Article News

၂၀၂၂ ခုနှစ်၊ မေလ ၂၉

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းခဲ့ရာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး တစ်နှစ်အကြာ လူဦးရေ ၅ သိန်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များကို လက်လှမ်း မမီသူနိုင်ပေါင်း သန်းနှင့်ချီ၍ ရှိလာခဲ့သည်။

အမျိုးသမီးများအတွက် လစဉ်ဓမ္မတာလာခြင်းကို ထိန်းသိမ်းသန့်ရှင်းရာမှာလည်း အခက်အခဲများ ရင်ဆိုင်လာရသည်။

“ကျမ တနေ့လုံး၊ တညလုံး သန့်ရှင်းရေးလုပ်ဖို့ ဂွမ်းထုပ်တစ်ခုတည်းပဲ သုံးနိုင်တယ်။ တခါတလေ သွေးလျှံကျလာတဲ့အထိ သုံးရတယ်။ ဂွမ်းထုပ် လုံးဝမရရင်တော့ အဝတ်စတွေပဲ သုံးရတော့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းမှ မစန္ဒာက ပြောပြသည်။

ပြီးခဲ့သည့်နှစ်က မစန္ဒာသည် တောထဲ၌ တာပေါ်လင်တစ်ချပ်ပေါ် မကြာခဏ အိပ်စက်ခဲ့ရပြီး အနီးအနားရှိ စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရသည်။

သူ့အတွက် သန့်ရှင်းသည့် အဝတ်အထည်များ ယူဆောင်လာဖို့ အခက်အခဲတွေ့ရုံမက ရေချိုးရန် (သို့မဟုတ်) အတွင်းခံ ဘောင်းဘီ လျှော်ဖွပ်ရန် ရေမလုံလောက်မှုကလည်း နောက်ထပ် အခက်အခဲတွေ့စေသည်။ သို့ဖြင့် ရုပ်ပိုင်းဆိုင်ရာ မသက် မသာဖြစ်မှု၊ ရှက်ရွံ့စိတ်နှင့် ရောဂါပိုး ကူးစက်အန္တရာယ်တို့ကိုပါ ရင်ဆိုင်လာရတော့သည်။

“ကျမက ဓမ္မတာလာတဲ့အချိန် လမ်းထလျှောက်ဖို့ (ဒါမှမဟုတ်) တခြားသူတွေအနားသို့ သွားဖို့ စိတ်မလုံဘူးရှင့်” မစန္ဒာက ရင်ဖွင့်သည်။

အယ်လ်ဂျာဇီးယား သတင်းထောက်နှင့် တွေ့ဆုံခဲ့သူများအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကို ရှောင်ရှားသောအားဖြင့် ယခုဆောင်းပါးတွင် စန္ဒာနှင့် အခြားအမျိုးသမီးများကို အမည်လွှဲ အသုံးပြုထားပါသည်။

“လူတွေက အနံ့ဆိုးလို့ သတိထားမိမှာစိုးတဲ့အတွက် စိတ်မလုံခြုံတာ ခံစားရတယ်။ သွေးပေနေတာမျိုး ရှိ/မရှိ တခြား အမျိုး သမီး တွေကို ကျမ နောက်ကျောဘက် လှမ်းကြည့်ပေးဖို့ ပြောရပါတယ်”

တစ်ချိန်တည်းတွင် ကမ္ဘာတလွှား အမျိုးသမီး သန်း ၈၀၀ တို့သည် ဓမ္မတာ သွေးစီးဆင်းမှု ရှိနေကြသည်။

အကောင်းဆုံး အခြေအနေ တစ်ရပ်ရှိသည့် အမျိုးသမီးများသည်ပင် ထိုကာလ၌ မသက်မသာ ဖြစ်လေ့ရှိပြီး စိတ်ဖိစီးမှုဖြစ်ကြ သည်။ ဆင်းရဲနွမ်းပါးသော (သို့မဟုတ်) ပဋိပက္ခ ကဲ့သို့သော ခက်ခဲကျပ်တည်းသည့် အခြေအနေမျိုးတွင် နေထိုင်ရသူများအဖို့ ဓမ္မတာလာခြင်းမှာ ၎င်းတို့၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် များစွာ ထိခိုက်မှု ဖြစ်နိုင်သည်။

အိုးမဲ့အိမ်မဲ့ ဖြစ်ရသော အမျိုးသမီးများနှင့် မိန်းကလေးများသည် ဓမ္မတာလာစဉ် မဖြစ်မနေ အသုံးအဆောင်များ ချို့တဲ့နေရ ကြောင်း၊ ဘေးကင်းလုံခြုံ၍ သီးခြားသန့်ရှင်းသော အိမ်သာနှင့် သန့်ရှင်း ဆေးကြောဖို့ နေရာ၊ အထောက်အကူပြု ပစ္စည်းများ လည်း လက်လှမ်းမီနိုင်မှု နည်းပါးနေကြောင်း ကိုလံဘီယာတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးသုတေသီ မဂ္ဂီရှမစ်က အယ်လ်ဂျာဇီးယားသို့ ပြောသည်။

၎င်းသည် နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီနှင့် လူသားချင်းစာနာမှုအရေးပေါ် အခြေအနေများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ကတည်းက လုပ်ကိုင်ခဲ့ဖူးပြီး ဓမ္မတာလာခြင်းဆိုင်ရာ ကမ္ဘာတဝန်း သုတေသနပြုခဲ့သူ ဖြစ်သည်။

ဓမ္မတာ ပေါ်နေချိန် ဂွမ်းထုပ် စသည့် အသုံးအဆောင် မလုံလောက်၍ သွေးစွန်းပေမှာ စိုးရိမ်လျက် လုပ်ငန်းခွင်နှင့် စာသင် ကျောင်း အပါအဝင် နေ့စဉ်ဖြတ်သန်းမှု အချို့၌ အမျိုးသမီးများနှင့် ဆယ်ကျော်သက် မိန်းကလေးငယ်များ ပူးပေါင်းပါဝင်နိုင်မှု အားလျော့စေသည်။

ဆပ်ပြာသုံး၍ သန့်ရှင်းသောရေဖြင့် ရေမချိုးနိုင်ခြင်း (သို့မဟုတ်) ဓမ္မတာလာချိန် ဂွမ်းထုပ် ပြတ်လပ်ခြင်းကြောင့် ရောဂါပိုး ကူးစက်မှု လွယ်စေသည်။

“ဘေးကင်းလုံခြုံမှုနဲ့ ခိုလှုံစရာ ရှာဖွေဖို့ တစ်နေရာကနေ တစ်နေရာ ပြောင်းရွှေ့နေရတဲ့ အမျိုးသမီးတွေအတွက် အကူး အပြောင်း ကာလမှာ သူတို့ရဲ့ ဓမ္မတာ လာစဉ် လိုအပ်ချက်တွေ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်” ဟု မဂ္ဂီရှမစ်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားနေခြင်း၊ အခြေအနေ မတည်ငြိမ်ခြင်းအပြင် လူနေရပ်ကွက်၊ ကျေးရွာများနှင့် တိုက်ပွဲရှောင် စခန်းများကို စစ်တပ်က တိုက်ခိုက်နေခြင်းတို့ကြောင့် ဓမ္မတာလာနေချိန် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု ကင်းမဲ့နေခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တိုက်ပွဲရှောင်နေကြသူများ

မြန်မာနိုင်ငံရှိ မတည်ငြိမ်သော ဒေသများမှ အမျိုးသမီးများမှာ အဆက်မပြတ် လှည့်လည် သွားလာနေရသဖြင့် သန့်ရှင်းရေး သုံး ဂွမ်းထုပ်များနှင့် သန့်ရှင်းသောရေများ ရရှိရန်မှာ အဟန့်အတား ဖြစ်သည့်အပြင် လျှို့ဝှက်သိုသိပ်စွာ နေထိုင်နိုင်မှုမှာလည်း အတန်ငယ်သာ ရကြသည်။

ထို့ပြင် သန့်ရှင်းရေးသုံး ဂွမ်းထုပ်များအတွက် ကုန်ကျစရိတ်မှာလည်း ယခင်ထက် ပိုများလာကြောင်း အယ်လ်ဂျာဇီးယား တွေ့ဆုံခဲ့ရသော မြန်မာအမျိုးသမီးများက ပြောကြသည်။ လောင်စာဆီဈေးတက်မှု၊ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် ပြတ် တောက်မှုနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတို့ကြောင့် အခြေခံကုန်စည် ဈေးနှုန်းမှာ အဆမတန် တက်လာခဲ့သည် မဟုတ် ပါလား။

တိုက်ပွဲများကြောင့် ဒေသတွင်း ဈေးကွက်များ ပိတ်ခဲ့ရပြီး ကုန်စုံဆိုင်များသို့ ရောင်းကုန်ပစ္စည်းများ ပို့ဆောင်ရေး ပိုခက်လာ သဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အခြေခံ လူသုံးကုန်ပစ္စည်းများ ရှားပါးလာခဲ့သည်။ စစ်တပ်သည် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို အစာရေစာ ငတ်မွတ်စေဖို့ ‘ဖြတ်လေးဖြတ်’ ဟု သူတို့ခေါ်ကြသည့် နှစ်ပေါင်းများစွာက မဟာဗျူဟာ ထုတ်သုံးပြီး မရှိမဖြစ် လိုအပ်သော ထောက်ပံ့ရေးပစ္စည်များ စီးဆင်းသွားလာမှု ကန့်သတ်ပိတ်ဆို့နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၌ ကပ်ရောဂါနှင့် စစ်တပ် အာဏာသိမ်းမှုတို့ကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် လယ်သမားများနှင့် နေ့စားလုပ်သားများ အလုပ် မလုပ်နိုင်တော့ပေ။

ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် တစ်ရက်လျှင် တစ်ဒေါ်လာအောက်သာ လျော့နည်းစွာ သုံးစွဲနိုင်တော့မည်ဟု ကုလသမဂ္ဂ (UN) က ယမန်နှစ် ဒီဇင်ဘာလက ခန့်မှန်းခဲ့သည်။ ထိုနှုန်းသည် ပြီးခဲ့သော ၅ နှစ် ကာလ ထက် အခြေအနေ ၂ ဆ ပိုဆိုးသွားသည်။

“ကျမသွေးတွေကို ယောက်ျားတွေ မြင်ကုန်မှာ သိပ်ရှက်တယ်ရှင့်”

စစ်တပ်အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်ခိုက်နေကြ

အသက် ၂၇ နှစ်အရွယ်ရှိ စန္ဒာသည် ယခင်ဧပြီလက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ သူမ၏ကျေးရွာမှ ထွက်ပြေးခဲ့ ရသည်။ အာဏာသိမ်းပြီး ၃ လ မပြည့်ခင် အကြမ်းမဖက်ဘဲ ဆန္ဒပြသူများကို စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူများ ရာနှင့်ချီ၍ သေဆုံးခဲ့ပြီးနောက် ကျေးလက်ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးသည် အရပ်သားများက လက်နက်ဖြင့် ပြန်လည် တိုက်ခိုက်သည့် ပထမဆုံးသော ဒေသတစ်ခု ဖြစ်ပါသည်။  

လက်နက်ကိုင်တော်လှန်ရေး ကြီးထွားလာသည်နှင့်အမျှ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့၍ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခြင်း ကျူးလွန်လျက် လက်တုံ့ပြန်ခဲ့ရာ ယမန်နှစ် ဇူလိုင်လအတွင်း အနည်းဆုံး လူ ၄၀ ခန့်၏ အလောင်းများ တွေ့ရှိခဲ့ရပြီး အများစုမှာ ဒဏ်ရာရခဲ့ကြသည်။ ထိုဧရိယာများထဲတွင် ကနီမြို့နယ်လည်း ပါဝင်ပြီး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

စစ်သားများနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားနိုင်ရန် ထိုဧရိယာတဝိုက်မှ  ရွာသူရွာသားများသည် တောတောင်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများတွင် မကြာခဏ ပုန်းရှောင်ကြပြီး နေရပ်ပြန်ဖို့ ရက်သတ္တပတ်များစွာ စောင့်နေကြရသည်။

စန္ဒာ တို့ရွာတွင် ယခုအခါ ဈေးဆိုင် တစ်ဆိုင်တည်းတွင်သာ သန့်ရှင်းရေးသုံး ဆပ်ပြာများ ရောင်းချပေးသော်လည်း တစ်ခါတစ် ရံ ပြတ်လပ်သွားတတ်သည်။ ဂွမ်းထုပ်များ ရရှိနိုင်သော်လည်း နိုင်ငံအရေးပေါ် ပြဋ္ဌာန်းပြီး ကတည်းက ကုန်ကျစရိတ်မှာ အကြမ်းဖျင်း အားဖြင့် နှစ်ဆတိုးလာခဲ့သော်လည်း စန္ဒာနှင့် သူ့၏မိသားစုမှာ ဝင်ငွေမရှိပေ။

စန္ဒာသည် တနိုင်ငံလုံး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၏ တစိတ်တပိုင်း အနေဖြင့် စာသင်ပေးသည့် အလုပ်မှ တစ်နှစ် ကျော်ကြာ သပိတ်မှောက်ခဲ့ပြီး သူ့မိသားစုသည် ပဋိပက္ခကြောင့် နေ့စား အလုပ်သမား ဝင်ငွေကိုပင် မရှာနိုင်တော့ပေ။

“ကျမတို့မိသားစုက စားစရာနဲ့ မရှိမဖြစ် အသုံးစရိတ်တွေကို ဦးစားပေးရတာမို့ အိမ်မှာနေတဲ့ အချိန်ဆို ခါတိုင်းတော့ ဂွမ်းထုပ် မသုံးပါဘူး။ အခန်းထဲမှာပဲနေပြီး ငါတို့ရဲ့ ထမီ အဟောင်းသုံးရင် ရပါတယ်” ဓမ္မတာလာချိန် ရင်ဆိုင်ဖြေရှင်းရပုံကို စန္ဒာက ပြောသည်။

စန္ဒာသည် တောသို့ထွက်ပြေးရသောအခါ အနီးအနားတွင် ရေချိုးစရာ ရေပေးဝေလေ့မရှိပေ။ ရွာသားများသုံး လေ့ရှိသော ရေတွင်း တစ်တွင်းရှိပြီး စစ်သားများနှင့် ဝေးဝေးနေရသော နေရာကို ရှာဖွေရသဖြင့် ရေအလုံအလောက်ရသော နေရာသို့ မရောက်နိုင်၍ စန္ဒာသည် သုံးရက်လျှင် တစ်ကြိမ်သာ ရေချိုးရသည်။

“ရေချိုးတာထက် သောက်ရေကို ဦးစားပေးရတယ်” ဟု သူက ပြောသည်။

CDM လုပ်ရန် တိုက်တွန်းကြ

ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ရေအခြေအနေက ပိုကောင်းသော်လည်း လာရောက် ခိုင်လှုံသူ များပြားလွန်းပြီး အမျိုးသား၊ အမျိုးသမီး အိပ်စက်ခြင်း၊ ရေချိုးခြင်းနှင့် အိမ်သာ အသုံးပြုခြင်းတို့အတွက် ရေကို မျှတသုံးစွဲရသည်။

 “ဓမ္မတာလာတဲ့အခါ ယောက်ျားတွေ (ဒါမှမဟုတ်) တခြားလူတွေက ကျမသွေးကို မြင်မှာကြောက်လို့ ညဘက်ပဲ ရေချိုးခဲ့ရ တယ်” ဟု စန္ဒာက ပြောသည်။

စန္ဒာက “အဝတ်အစားလဲဖို့ သီးသန့်နေရာ မရှိဘူး။ တစ်နေရာတည်းမှာ အတူတူ စုနေရတဲ့ စစ်ဘေးရှောင်တွေက အများကြီး ရှိတယ်။ ခါတိုင်းတော့ လူတိုင်းအိပ်နေတဲ့အချိန် ညဘက်မှာ ဂွမ်းထုပ် လဲရတယ်”ဟု ဆက်ပြောပြသည်။

သုံးပြီးသား ဂွမ်းထုပ်များကို စွန့်ပစ်ဖို့ နေရာမတွေ့လျှင် စန္ဒာသည် အိမ်မပြန်မချင်း သတိရှိရှိဖြင့် တခါတရံ သယ်သွားရတတ် သည်။ သူ့အတွင်းခံများကို အခြောက်ခံဖို့ သီးသန့်နေရာလည်း မရှိခြင်းကြောင့် အခြား အဝတ် အစားတွေအောက်မှာ ချိတ်ဆွဲ ထားကာ စိုစွတ်နေချိန်မှာလည်း ထပ်ဝတ်ရလေ့ရှိသည်။

“ကျမ အရေပြားယားယံပြီး မသက်မသာဖြစ်တာမျိုး လစဉ်ခံစားရပါတယ်” ဟု သူက ရင်ဖွင့်သည်။

ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများတွင်လည်း အလားတူ ပြဿနာများ တွေ့ကြုံကြရသည်။ ထို ဒေသတွင်လည်း ပြီးခဲ့သော နှစ်အတွင်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။ ယခုအခါ စစ်ဘေးရှောင် အများအပြားမှာ ရေ၊ ထင်းနှင့် စားနပ်ရိက္ခာအတွက် မနည်းရုန်းကန်၍ ရှာဖွေနေကြရသည်။

အထူးသဖြင့် လူဦးရေ ထက်ဝက်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသည့် ကယားပြည်နယ်တွင် အကျပ်အတည်း ပြင်းထန်နေပြီး စစ်တပ်က လွိုင်ကော်မြို့တော်အပြင် စစ်ဘေးရှောင် စခန်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို ဗုံးကြဲခဲ့သည်။

ကပ်ရောဂါနှင့် အာဏာသိမ်းမှုမတိုင်မီ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည့် မထီးမေသည် ပြီးခဲ့သည့် မေလက တိုက်ပွဲ များကြောင့် ရွာမှ ထွက်ပြေးခဲ့သည်။ သူသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့လာကာ တစ်ခါတစ်ရံ အကာအရံ မပါဘဲ အခြားသူများ၏အိမ် (သို့မဟုတ်) တောထဲတွင် အိပ်စက်ခဲ့ရသည်။

သောက်သုံးရေနဲ့ ချိုးရေ အခက်အခဲ

မိုးရာသီတွင် ညဘက် မကြာခဏ ရေစိုခဲ့ရသော်လည်း ယခုအခါ ခြောက်သွေ့ရာသီသို့ ရောက်ရှိနေသည်မှာ ၇ လရှိပြီး သန့်ရှင်းသော ချိုးရေကို ရှာဖွေရန် ရုန်းကန်နေရဆဲဖြစ်သည်။

“ရေတွင်းတွေ ခမ်းခြောက်နေတယ်။ တောထဲရောက်ရင် ကျွဲ၊ နွားတွေနဲ့ အတူတူ ရေကန်မှာ ဖြစ်သလို ရေချိုးရလို့ အရေပြား ယားယံပြီး အဖုတွေ ပေါက်တယ်” ဟု သူက ပြောသည်။

“ချောင်းတွေနဲ့ နီးပေမယ့် စစ်သားတွေရဲ့ ပစ်မှတ်ထားဖို့ ပိုလွယ်တာကြောင့် အဲဒီနေရာတွေကို သွားပြီး ရေမချိုးရဲကြဘူး” ဟု တကိုယ်ရည်သန့်ရှင်းရေး ကင်းမဲ့စွာနေထိုင်ရပုံကို မထီးမေက ရင်ဖွင့်သည်။

 “ကျမတို့ရဲ့ ယာယီတဲတွေမှာ တံခါးတွေ၊ အခန်းတွေ မရှိဘူး။ ကျမတို့ သန့်ရှင်းရေးသုံး ဂွမ်းထုပ်လဲဖို့ လိုတယ်ဆိုရင် မိသားစု ဝင်တွေ (ဒါမှမဟုတ်) သူငယ်ချင်းတွေကို အပြင်ထွက်ခိုင်းရပါတယ်" ဟု သူမက ဆက်ပြောသည်။

ထို့အပြင် သူ့အတွက် မကြာခဏ သန့်ရှင်းရေးသုံး ပစ္စည်းများ ပြတ်တောက်ခဲ့ရသည်။

“တစ်ခါတလေမှာ လမ်းတွေ ပိတ်နေလို့ သန့်ရှင်းရေး ဂွမ်းထုပ်တွေ လုံးဝ မရှိတော့ဘူး၊ အခုအချိန်မှာတော့ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်တာကြောင့် လူတွေ အလုပ်မလုပ် နိုင်တော့ဘူး။ ဂွမ်းထုပ် ထွက်ဝယ်ချင်ရင်တောင် သွားလာရတာ အင်မတန် အန္တရာယ်များပြီး ဓာတ်ဆီဈေးလည်း တအားတက်နေတယ်။ အထည်တစ်ထည်တည်းကို ခဏခဏလဲရတယ်။ ကျမရဲ့ အတွင်းခံတွေ အရမ်းညစ်ပတ်ပြီး မသက်မသာ ဖြစ်ရပါတယ်။ ကျမရဲ့ အတွင်းခံတွေ၊ အဝတ်တွေကို လျှော်ဖို့ ရေမရှိလို့ ဓမ္မတာ လာတဲ့အခါ လမ်းလျှောက်တာ (ဒါမှမဟုတ်) တခြားရွှေ့ပြောင်း နေထိုင်သူတွေနဲ့ စကားပြောတာမျိုး လုပ်ဖို့ စိတ်က မလုံခြုံ ဘူး” ဟု သူက ရင်ဖွင့်သည်။

ပရဟိတနှင့် INGO ကဲ့သို့ အဖွဲ့အများအပြားသည် စစ်ဘေးရှောင် ပြည်သူများထံ သန့်ရှင်းရေးသုံး ပစ္စည်းများ ဖြန့်ဝေရန် လုပ် ဆောင် နေကြသော်လည်း အယ်လ်ဂျာဇီးယား သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီးများက ၎င်းတို့ထံတွင် ဂွမ်းထုပ် အနည်းငယ် သို့မဟုတ် လုံးဝ မရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် အခြေစိုက်ပြီး သန့်ရှင်းရေးသုံး ပစ္စည်းများကို ဝယ်ယူဖြန့်ဝေရန် အလှူငွေများ ကောက်ခံ နေသည့် စေတနာ့ဝန်ထမ်း တစ်ဦးက “သူနှင့် အခြားသော စေတနာ့ဝန်ထမ်းများ အနေဖြင့် ဝေးလံခေါင်သီသော ဒေသများ တွင် ခိုလှုံနေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည်များထံ ခရီးထွက်သည့်အခါ အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း” ပြောပြ ခဲ့သည်။

လေးကေ့ကော်တိုက်ပွဲရှောင်များကို လှူဒါန်း

စစ်ရေး ပဋိပက္ခကြောင့် ပြည်တွင်းရှိ ဆိုင်အများစု ပိတ်ထားကြ၍ ဂွမ်းထုပ်များ ဝယ်ယူရာတွင်လည်း ခက်ခဲကြောင်း သူက ပြောပြသည်။ ရန်ကုန်မှ အိတ်များကို မှာယူသည့်အခါ ပို့ဆောင်မှု နှောင့်နှေးတတ်သည်။ ထောက်ပံ့ရေး ဖြန့်ဝေရာတွင် စေတနာ့ဝန်ထမ်း အများစုမှာ အမျိုးသားများ ဖြစ်သောကြောင့် စစ်ဘေးရှောင် အမျိုးသမီးများခမျာ မကြာခဏ ရှက်ရွံ့အားနာ စွာဖြင့် ဂွမ်းထုပ်တောင်းရန် တွန့်ဆုတ်နေမိကြကြောင်း သူက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း မစန္ဒာက အလားတူ စိုးရိမ်မှု ရှိလာခဲ့သည်။

“အိုးမဲ့အိမ်မဲ့ စခန်းအများစုကို စီမံခန့်ခွဲသူတွေက ယောက်ျားတွေဖြစ်ပြီး ကျမတို့မိန်းမသားတွေ ဒီလိုအခက်အခဲကို ထုတ်ပြော ဖို့က ရှက်တတ်ကြတယ်” ဟု သူမက ရင်ဖွင့်သည်။

“ယာယီစခန်း မန်နေဂျာတွေ (ဒါမှမဟုတ်) တာဝန်ခံတွေက အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ဂွမ်းထုပ်လိုမျိုး စီစဉ် ပေးဖို့ မေ့သွားတတ်ကြပါတယ်” ဟု မစန္ဒာက ပြောသည်။

အမျိုးသမီး အများအပြားသည် ဝေးလံခေါင်သီသော လေ့ကျင့်ရေး စခန်းများတွင် နေထိုင်ကြပြီး တောတွင်းနှင့် တောထဲတွင် သွားလာလှုပ်ရှားနေကြသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ပူးပေါင်းလာကြသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဂလိုရီယာသည် ၎င်း၏ ရာသီသွေးချိန်များကို စီမံခန့်ခွဲရန် ခက်ခဲကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသတွင် ယခု ဖေဖော်ဝါရီလတွင် စစ်တပ်ကို ပြန်တိုက်ရန် သူလည်း လက်နက်ကိုင် လာခဲ့ကြောင်း ပြောသည်။

“တစ်ခါတလေမှာ ကျမတို့ရဲ့ ဂွမ်းထုတ်တွေကို တစ်ရက်ကို တစ်ခု မလဲနိုင်ဘူး။ တစ်ခုတည်းကိုပဲ နှစ်ရက်လောက် သုံးရတာ ရှိတယ်။ တစ်ခါတလေမှာ ဂွမ်းထုပ် လုံးဝမရတော့ရင် များများစားစား မလဲနိုင်တော့ဘဲ  အမိုးအကာနဲ့ အိပ်လိုက်ရတာပါပဲ” ဟု ဂလိုရီယာက သူ့အခက်အခဲကို ထုတ်ပြောသည်။

စစ်တပ် အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်ပွဲ၀င်နေတဲ့ အမျိုးသမီး တစ်ဦး

ဂလိုရီယာသည် အမျိုးသား ၁၀၀ ကျော်ရှိသော စခန်းတစ်ခုမှာ အမျိုးသမီး ၁၀ ဦးခန့် နေထိုင်ရပြီး အမျိုးသမီးများအတွက် သီးခြား စခန်းချပေးပြီး ကိုယ်ပိုင်အိမ်သာ ရှိသော်လည်း ရေချိုးရာတွင်တော့  အမျိုးသားများနှင့် မျှဝေချိုးကြရသည်။

ဆပ်ပြာ နှင့် ရေရှားပါးလှပြီး ဘုံဘိုင်ခေါင်းတစ်ခုသာ ရှိသောကြောင့် ဂလိုရီယာသည် တစ်လလျှင် နှစ်ကြိမ်ခန့်သာ ရေချိုးရ သည်။ ရှေ့တန်းကို သွားတဲ့အခါ သူသည် တစ်ထည်တည်းသော ယူနီဖောင်းနှင့် အတွင်းခံကိုသာ ဝတ်ဆင်လေ့ရှိသည်။

ဂွမ်းထုပ်များကို လွယ်အိတ်ထဲတွင် ထည့်ထားကာ သောက်ရေပဲ ရသဖြင့် ရေကောင်းကောင်း မချိုးရပေ။ သို့တိုင် ဂလိုရီယာ သည် ရှေ့သို့ ချီတက်နေဆဲ ဖြစ်သည်။  

“ကျမ ရာသီလာနေတယ်။ တခြားရဲဘော်တွေရဲ့ လျှောက်လှမ်းနေတဲ့ အရှိန်ကို လိုက်မီဖို့ ကြိုးစားရင်း သေနတ်တွေနဲ့ အိတ်ကြီးတွေလည်း လွယ်ထားရတယ်” ဟု သူက ပြောသည်။

“ဒီမိုကရေစီကို လိုချင်လို့ ဒီအခက်အခဲတွေကြားက ဆက်သွားမယ်” 

Source: Aljazeera

(အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Emily Fishbein နှင့်  Nu Nu Lusan တို့၏ရေးသားဖော်ပြချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်)