CNI Article
၂၀၂၄ ခုနှစ်၊ မတ် ၁၀ 

နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းသို့ စစ်သားများပို့ဆောင်ရန် အကြောက်အကန် ငြင်းဆိုနေခဲ့မည်ဆိုပါက ယူကရိန်း တွင် ရှိနှင့်နေပြီးဖြစ်သည့် ၎င်း၏တပ်ဖွဲ့ဝင်များကို အဘယ်ကြောင့် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခြင်း မရှိပါသနည်း။

ဖေဖော်ဝါရီ ၂၆ ရက်က ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) က ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များ ထောက်ပံ့ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုဒုံးကျည်များကို ယူကရိန်းစစ်သားများ အသုံးပြုတတ်စေရန် ဂျာမနီစစ်သားများကိုပါ ယူကရိန်းသို့ စေလွှတ်ရမည် ဖြစ်သောကြောင့် ဖြစ်သည်ဟု ရှောဇ်က ပြောသည်။

ဗြိတိန်သည် Storm Shadow ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့စဉ်က ထိုဒုံးကျည်များ အသုံးပြုရန်အတွက် ဗြိတိန်စစ်သားများကိုပါ ယူကရိန်းသို့ ပို့ဆောင်ခဲ့သဖြင့် ဂျာမနီအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

ဗြိတိန်ကမူ ရှောဇ်၏ ပြောကြားချက်များကို ဝေဖန်ခဲ့ပြီး ဂျာမနီသည် ထောက်လှမ်းရေး အချက်အလက်များကို အလွဲသုံးစားလုပ်ခြင်းဖြစ်ကြောင်းနှင့် ယူကရိန်းတွင် နေတိုးအရာရှိများနှင့် စစ်မှုထမ်းများ ရှိနေသည်ဆိုသည့် အချက်ကို ရှောဇ်၏ ပြောကြားချက်များက အတည်ပြုရာ ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတွင် အမေရိကန်၏ Patriot နှင့် NASAM လေကြောင်းကာကွယ်ရေးစနစ်များ၊ HIMARS အတွဲလိုက် ဒုံးပစ်စနစ်များ၊ ဗြိတိန်နှင့် ပြင်သစ်၏ Storm Shadow ခရုဇ်ဒုံးကျည်များနှင့် အခြား ခေတ်မီလက်နက်များကို ယူကရိန်းစစ်သားများ အသုံးပြုတတ်စေရန် နေတိုးအမှုထမ်းများက ယူကရိန်းသို့ ရောက်ရှိနေသည်ဟု အများစုက ယူဆထားကြသည်။

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ကို တွေ့ရစဉ်

ယူကရိန်းတွင် ရှိနေသည့် နေတိုးအဖွဲ့ဝင်များမှ စစ်မှုထမ်း အရေအတွက် အတိအကျကို မည်သူကမှ တိတိကျကျ မသိရသော်လည်း ယူကရိန်းတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ပိုလန်နှင့် အခြားနိုင်ငံများမှ စစ်မှုထမ်း အများအပြား ရောက်ရှိနေသည်မှာ သံသယဖြစ်စရာမလိုပေ။

ဖေဖော်ဝါရီ ၂၉ ရက်က ပူတင် ပြောကြားခဲ့သည့် နိုင်ငံတော်မိန့်ခွန်းတွင် အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းသို့ စစ်သားများ စေလွှတ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အန္တရာယ်ရှိနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ 

ယူကရိန်းသို့ နေတိုးစစ်သားများ စေလွှတ်မည့် အစီအစဉ်ကို စာရင်းမှ ဖယ်ထုတ်မည် မဟုတ်ကြောင်း ပြင်သစ် သမ္မတ မက်ခရွန် (Emmanuel Macron) ၏ ပြောကြားချက်ကို ပူတင်က တုန့်ပြန်သည့်အနေဖြင့် ခြိမ်းခြောက်ခဲ့ ခြင်းဖြစ်သည်။

မက်ခရွန်၏ အိုင်ဒီယာကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက လျင်မြန်စွာ ရှုတ်ချခဲ့ကြပြီး ထိုအကြောင်းအရာကို ဥရောပသမဂ္ဂဖိုရမ်တွင် ဆွေးနွေးခြင်းသည်လျင် နေတိုးနှင့် ရုရှားအကြား တင်းမာမှုများကို မြင့်တက်စေခဲ့သည်။

နေတိုးသည် ရုရှားကို ရည်ရွယ်သည့် အနေဖြင့် နေတိုးတပ်ဖွဲ့များနှင့် လက်နက်များကိုထားရှိရန် စစ်စခန်းများ ရှာဖွေလျက်ရှိသည်။ 

New York Times သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)သည် ရုရှား နယ်စပ်အနီးရှိ ယူကရိန်း၏ နယ်မြေများတွင် CIA စခန်း ၁၂ ခုအထိ ထားရှိခဲ့ကြောင်း သိရသည်။

Wired Magazine ကလည်း အမေရိကန်သည် ပူတင်၏ တည်နေရာကို သိရှိစေရန် ပူတင်နှင့် ပူတင်၏ မိတ်ဆွေ များ၏ ဆဲလ်ဖုန်းများကို ထောက်လှမ်းနိုင်မည့် အထူးနည်းပညာတစ်ရပ်ကို တီထွင်ဖန်တီးနေကြောင်း ဖော်ပြခဲ့သည်။

ပူတင် အနေဖြင့်လည်း သူသည် နေတိုးဦးဆောင်သည့် အေးဂျင့်များ၏ ပစ်မှတ်တစ်ခု ဖြစ်နေသည်ကို သိရှိ နားလည်နိုင်စွမ်း ရှိ၊မရှိ မေးခွန်းထုတ်ရမည်ဖြစ်သည်။ 

အဘယ်ကြောင့်ဆိုသော် ပူတင်အား သတ်ဖြတ်ရန် ကြိုးပမ်းမှုများ ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ပူတင် စီးနင်းလိုက်ပါလေ့ရှိတဲ့ကားကို တိုက်ပြီးလုပ်ကြံစဉ်

ထိုဖြစ်စဉ်များထဲမှာ တစ်ခုမှာ ကရင်မလင်နန်းတော်ရှိ ပူတင်၏ ရုံးကို ဖောက်ခွဲရေးဒရုန်းတစ်စင်း ထိမှန်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ ယူကရိန်းကျူးကျော်စစ် မတိုင်မီ ခြောက်နှစ်အလိုက မော်စကိုမြို့တော်၏ Ring Road လမ်းပေါ်တွင် ပူတင် စီးနင်းလေ့ရှိသည့် ဇိမ်ခံကားကို အခြားကားတစ်စီးက ခေါင်းချင်းဆိုင် ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် ပူတင်သည် ကားထဲတွင် ရှိမနေသော်လည်း ၎င်း၏ ယာဉ်မောင်းသည် သေဆုံးသွားခဲ့သည်။

ရုရှား၏ ပြည်တွင်းနိုင်ငံရေး အခြေအနေသည် ရှုပ်ထွေးမှုများ ရှိနေချိန်တွင် ပူတင်သည် နေတိုးခေါင်းဆောင် များကိုလည်း အထူးသတိထားပြီး ဆက်ဆံခဲ့သည်။ 

လက်ရှိတွင် ယူကရိန်း၏ အခြေအနေသည် လက်နက်ခဲယမ်းများ ပြတ်လပ်နေသဖြင့် အလွန်ဆိုးရွားနေပြီး လာမည့် သုံးလအတွင်း စစ်ရှုံးနိုင်ကြောင်း အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအေဂျင်စီများ၊ ကျွမ်းကျင် ပညာရှင် အဖွဲ့များနှင့် ယူကရိန်းကိုယ်တိုင်ကပင် ပြောကြားထားသည်။

ထို့ကြောင့် ထိုအခြေအနေသည် ဥရောပအတွက် တပ်လှန့်နှိုးဆော်မှု တစ်ခုဖြစ်ခဲ့ပြီး ပါရီ(ပြင်သစ်)တွင် ဥရောပသမဂ္ဂ အရေးပေါ် အစည်းအဝေးကို မက်ခရွန်က ဦးစီးကျင်းပရသည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။

ထိုအစည်းအဝေးတွင် ဥရောပနိုင်ငံများက ယူကရိန်းကို တာဝေးပစ် လက်နက်များ ထောက်ပံ့ပေးမည်ဟု ကတိပြု ခဲ့ပုံပေါ်သော်လည်း ဂျာမနီကမူ Taurus ဒုံးကျည်များ ထောက်ပံ့ရေးနှင့်ပတ်သက်ပြီး ထိုအစီအစဉ်ကို သဘောတူခဲ့ ခြင်း မရှိပေ။

ဂျာမနီသည် ရုရှား၏ တုန့်ပြန်မှုကို စိုးရိမ်ခြင်းကြောင့်လော သိုမဟုတ် ရုရှားက ဂျာမနီအစိုးရကို အန္တရာယ်ဇုန် အတွင်းသို့ ဖြတ်သန်းနေကြောင်း လူသိရှင်ကြား သတိပေးထားခြင်းကြောင့်လော ဟူသည့်အချက်ကို စဉ်းစားရ မည်ဖြစ်သည်။

နေတိုးအဖွဲ့၏ မူဝါဒကို ချက်ချင်း ပြန်လည်သုံးသပ်သင့်သည်။ အကယ်၍ နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းသို့ စစ်သားများ စေလွှတ်ရန် အမှန်တကယ် ဆန့်ကျင်နေသည်ဆိုပါက ယူကရိန်းတွင် ယခင်ကတည်းက တည်ရှိ နေဖွယ်ရှိသည့် နေတိုးစစ်သားများနှင့်ပတ်သက်ပြီး ရေရှည်တွင် ငြင်းဆိုနိုင်တော့မည် မဟုတ်ပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ အနောက်အုပ်စုအနေဖြင့် ယူကရိန်းစစ်ပွဲကို အရှိန်မြင့်တက်လာအောင် လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ၏ စစ်မှန်သောအန္တရာယ် ရှိလာမည်ဟု ဖေ‌ဖော်ဝါရီ ၂၉ ရက်က ပြောကြားခဲ့ သည့် နိုင်ငံတော်မိန့်ခွန်းတွင် သတိပေးခဲ့သည်။

နေတိုးအဖွဲ့ အနေနှင့်လည်း ရုရှားနှင့် စစ်ပွဲဖြစ်ပွားရန် ပြင်ဆင်ထားပုံ မပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် နေတိုးအဖွဲ့သည် ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးနေရသဖြင့် ၎င်းတို့၏ ကိုယ်ပိုင် လက်နက်ခဲယမ်း များနှင့် ကာကွယ်ရေးကဏ္ဍအပေါ် အာရုံစိုက်လုပ်ဆောင်မှုများ လျော့နည်းစေခဲ့သည်။

ထို့ကြောင့် လက်ရှိ အနေအထားအရ နေတိုးခေါင်းဆောင်များသည် ရုရှားနှင့် စစ်ရေးအရ ထိပ်တိုက်မတွေ့ဘဲ ရုရှားကို မခံချိ၊ မခံသာဖြစ်စေသည့် ပြောကြားချက်များ၊ လုပ်ဆောင်ချက်များဖြင့် တင်းမာမှုများ မြင့်တက်စေရန် သာ လုပ်ဆောင်နေလိမ့်မည်ဖြစ်သည်။

Source: Asia Times

#နေတိုး #ယူကရိန်းစစ်ပွဲ #ပူတင် #ဆောင်းပါး #CNIArticle #cnimyanmar