CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁

ဆော်ဒီပရိုလိဂ်ဟာ ဒီရာသီမှာ ဥရောပရဲ့နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူပြီး သူတို့ရဲ့လိဂ်ကို ကမ္ဘာ့အဆင့် ဝင်ခွင့်ရအောင် လုပ်ဆောင်နေပေမယ့် ကစားသမားအချို့ကတော့ လပိုင်းအကြာမှာ ပြန်ထွက်ခွာဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

ဆော်ဒီလိဂ်ဟာပြီးခဲ့တဲ့ နွေရာသီက ဘန်ဇီမာ၊ နေမာ၊ မာနေး၊ ကန်တီ၊ ဖာမီနို၊ မာရက်ဇ်၊ ဖာဘင်ဟို၊ မီထရိုဗစ်နဲ့ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူခဲ့ပါတယ်။ ကစားသမားအများစုဟာ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတို့ကို ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ကတော့ လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ်နဲ့ အယ်လ်အက်တီဖတ်အသင်းမှာ ပူးပေါင်းခဲ့ပါတယ်။ 

ဒါပေမယ့် ကစားသမား အချို့ကတော့ ဥရောပကထွက်ခွာပြီး လပိုင်းအကြာမှာ ဥရောပကို ပြန်လည် သွားရောက်ဖို့ စိတ်အားထက်သန်နေပြီး ဒီကစားသမားတွေထဲမှာ ဥပမာဖြစ်ခဲ့တာကတော့ ဟန်ဒါဆန် ဖြစ်ပါတယ်။ 

ဟန်ဒါဆန်ဟာ အယ်လ်အက်တီဖတ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီးနောက် အေဂျက်ဇ်အသင်း ထံ ပြောင်းရွှေ့ခဲ့တာပါ။ 

နောက်ထပ် ကစားသမားတွေဖြစ်တဲ့ ဖာမီနို၊ ဘန်ဇီမာနဲ့ ဂျိုတာတို့လည်း ဥရောပအသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပါတယ်။

ဒီကစားသမားတွေဟာ ဆော်ဒီကနေ ဘာကြောင့် အမြန်ဆုံး ပြန်ထွက်ခွာချင်နေလဲဆိုတဲ့ အဓိက အကြောင်းအရင်း အချို့ကို SunSport က ဖော်ပြခဲ့ပါတယ်။ 

ပထမဆုံးကတော့ ဆော်ဒီနိုင်ငံရဲ့ပူပြင်းတဲ့ အပူဒဏ်ကို မခံနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ အပူချိန်ဟာ ပြင်းတာကြောင့် ကစားသမားတွေဟာ အပူဒဏ်ကို တော်တော်လေး ခံစားခဲ့ရတာ ဖြစ်ပါတယ်။ 

 ဆော်ဒီလိဂ်မှာ ပရိသတ်ဦးရေနည်းပါးသည်ကို တွေ့ရစဉ်

ဆော်ဒီနိုင်ငံရဲ့ နေရာအချို့မှာ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်အထိရှိတာကြောင့် အသင်းတွေဟာ ညနေပိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ရတာပါ။

လွန်ခဲ့တဲ့ ၂ နှစ်က ဆော်ဒီလိဂ်ကို ရောက်ရှိလာတဲ့ ပထမဆုံးပုံရိပ်မြှင့် ကစားသမား စီရော်နယ်ဒိုက ဆော်ဒီနိုင်ငံရဲ့ အပူချိန်မြင့်မားမှုတွေကြောင့် လေ့ကျင့်ချိန်တွေကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

နောက်တစ်ခုကတော့ ပွဲကြည့် ပရိသတ်ဦးရေ အလွန်နည်းပါးတာကြောင့်ပါ။ ဆော်ဒီနိုင်ငံမှာ အယ်လ်ဟီလယ်၊ အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ရဲ့ ပွဲတွေမှာသာ ကြည့်ရှုတဲ့ ပရိသတ်ဦးရေ များပြားတာဖြစ်ပြီး ကျန်ပွဲတွေမှာတော့ သိသိသာသာကို နည်းပါးတာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းမှာ ပရိသတ် ၅၀,၀၀၀ အရှေ့ ကစားရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာက ပရိသတ်ပေါင်း ၆၁၀ ဦးသာရှိတဲ့ အရှေ့မှာ အယ်လ်အက်တီဖတ်အသင်းအတွက် ကစားခဲ့ရတာပါ။ 

ဒီအရေအတွက်ဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ပရိသတ်တက်ရောက် ကြည့်ရှုသူဦးရေ အနည်းဆုံးနံပါတ် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဆော်ဒီပရိုလိဂ် ပြိုင်ပွဲဝင်ကလပ် ၁၈ သင်းထဲက အယ်လ်ရီယက်ဒ်အသင်းရဲ့ပွဲစဉ်တစ်ပွဲဆိုရင် ပရိသတ်ဦးရေ ၁၅၀ အောက်သာ တက်ရောက်ကြည့်ရှုခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

နောက်တစ်ခုကတော့ လူနေထိုင်မှု ဘဝတွေဟာ သိသိသာသာ ကွာခြားနေတာ ဖြစ်ပါတယ်။ 

လူမှုရေး ကန့်သတ်ချက် အများအပြားဟာ ဆော်ဒီကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား ကြယ်ပွင့် ကစားသမားတွေ အတွက် ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်စေခဲ့တာပါ။ 

အရှေ့အလယ်ပိုင်းဒေသရဲ့ ယဉ်ကျေးမှုတွေဟာ ဥရောပအခြေစိုက် ကစားသမားတွေအတွက် အလွန်ခက်ခဲခဲ့ပြီး ဟန်ဒါဆန်ရဲ့မိသားစုဟာ ဆော်ဒီမှာ နေထိုင်ရတာ အဆင်မပြေတာကြောင့် ပြန်ထွက်ခွာခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးတစ်ခုကတော့ နိုင်ငံအသင်းတွေမှာ ပါဝင်ကစားခွင့်ရဖို့အတွက် စိုးရိမ်စရာ အခြေအနေမှာ ရှိနေတာ ကြောင့် ဖြစ်ပါတယ်။ 

ဆော်ဒီလိဂ်ကို ရောက်လာတဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်

ဆော်ဒီလိဂ်ရဲ့ စံနှုန်းဟာ ကစားသမားတွေအတွက် ပြဿနာတစ်ခုအနေနဲ့ ရှိနေပြီး နိုင်ငံအသင်းမှာ ရွေးချယ် မခံရမှာကို စိုးရိမ်နေကြတာပါ။ 

ဟန်ဒါဆန်ဟာ ဆော်ဒီကို ပြောင်းရွှေ့လာပြီးကတည်းက အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ သူ့နေရာကို ဆက်ထိန်းနိုင်ဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ နိုင်ငံတကာ စူပါစတား အများအပြားကို ခေါ်ယူပြီး လိဂ်ကို အပြိုင်အဆိုင်ဖြစ်အောင် လုပ်နေကြပေမယ့် ဒီမှာကစားနေတဲ့ ကစားသမား အများစုရဲ့စံနှုန်းဟာ လိဂ်တူးအဆင့်နဲ့ နီးစပ်မှုရှိတယ်လို့ သတ်မှတ်ထားတာပါ။

ဆော်ဒီလိဂ်ကတော့ ထိပ်တန်း ကစားသမားအချို့ကို ပြန်လက်လွှတ်ရရင်တောင် ငွေကိုရေလိုသုံးနိုင်တဲ့ သူတို့ အတွက်တော့ နောက်ထပ် နာမည်ကြီး ကစားသမားတွေကို ထပ်ပြီးခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

ဒါကြောင့် ဆော်ဒီလိဂ်မှာ နာမည်ကြီး ကစားသမားတွေ ပြန်လည်မထွက်ခွာအောင်နဲ့ နောက်ထပ် နာမည်ကြီး ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Source: The Sun