CNI Sport Article

  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇ 

ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင် ဝိန်းရွန်နီကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၈၂ ရက်သာ ရှိသေးပေမယ့် ရလဒ်ဆိုးတွေကြောင့် အသင်းဘက်က သူ့ကို စိတ်ရှည်သည်းခံမှု အဆုံးသတ်သွားခဲ့တာပါ။

ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝကတော့ အလွန်ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာကြောင့် အားလုံးရဲ့အထင်ကြီးမှုကို ရခဲ့ပြီး နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် ဝိန်းရွန်နီရဲ့ နည်းပြဘဝ အစဟာ ဆိုးရွားမှုတွေနဲ့သာ စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒါဘီအသင်းရဲ့ ကစားသမားအဖြစ်ကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် ပြောင်းလဲပြီး နည်းပြ လောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ နည်းပြဘဝ ပထမရာသီမှာ ဒါဘီအသင်းကို တန်းဆင်းမယ့် အန္တရာယ်ကနေ လွတ်မြောက်အောင် ကိုင်တွယ်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဒုတိယရာသီမှာတော့ ဒါဘီအသင်းဟာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံခဲ့ရတာကြောင့် ဝိန်းရွန်နီအတွက် ခက်ခဲခဲ့ပြီး အသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရပါတယ်။

ဒါဘီအသင်းဟာ လိဂ်ဝမ်းကို တန်းဆင်းသွားပြီး နောက်မှာ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ 

 ဝိန်းရွန်နီကို တွေ့ရစဉ်

ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်းဟာ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၈၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၈.၂ ရာခိုင်နှုန်းသာရှိခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ ဒါဘီအသင်းကနေ ထွက်ခွာအပြီး ရက်အနည်းငယ်အကြာမှာ အသင်း ဟောင်း ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းရဲ့ ပွဲဦးထွက်မှာ အဖွင့်လှခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းဟာ ရလဒ်တွေဆိုးခဲ့ပြီး မနှစ်ကရာသီမှာ မေဂျာလိဂ်ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။ 

အဲ့ဒါကြောင့် နှစ်ဦးသဘောတူညီမှုနဲ့ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီဟာ ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅၃ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၂၆.၄ သာရှိခဲ့တာပါ။

ဝိန်းရွန်နီ အတွက်တော့ နည်းပြ အလုပ်အကိုင်က မရှားခဲ့ဘဲ ဒီစီယူနိုက်တက်အသင်းက ထွက်ခွာပြီး ရက်ပိုင်း အကြာမှာ ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီ မကိုင်တွယ်ခင်က ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်မယ့် ပလေးအော့ဖ် ဝင်ခွင့်အဆင့် နေရာမှာ ရပ်တည်နေတာပါ။ 

အဲ့ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီရဲ့ ဘာမင်ဂမ်အသင်း တာထွက်ခရီးဟာ မလှပခဲ့ဘဲ အဖွင့် ၅ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။

ဝိန်းရွန်နီဟာ မထုတ်ပယ်ခံရခင် အချိန်အထိ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ဘာမင်ဂမ်အသင်းရဲ့ အဆင့်ကလည်း သူမကိုင်တွယ်ခင်က အဆင့် ၆ ကနေအဆင့် ၂၀ နေရာအထိ ရောက်ရှိသွား ခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်တွေဟာ ဘာမင်ဂမ်အသင်း တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေအတွက် လက်ခံနိုင်စရာ မရှိခဲ့တဲ့အတွက် အဆုံးသတ်ဟာ မလှပခဲ့တာပါ။ 

ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၅ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၁၃.၃ သာရှိခဲ့တာ ဖြစ်ပါတယ်။

 ဝိန်းရွန်နီကို တွေ့ရစဉ်

ဒါဘီနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ခဲ့တုန်းက မအောင်မြင်ခဲ့လို့ အရမ်းကြီး ဝေဖန်မခံခဲ့ရတဲ့  ဝိန်းရွန်နီ ဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာတော့ ဝေဖန်မှု အပြင်းအထန်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီအတွက်တော့ အဆင့် ၆ နေရာက အသင်းကို အဆင့် ၂၀ နေရာအထိ ရောက်အောင် ပို့ဆောင်ခဲ့တာ ကြောင့် ဝေဖန်ခံရဖို့ ထိုက်တန်ပေမယ့် သူကတော့ ကိုင်တွယ်ခဲ့တဲ့ အချိန်နည်းပါးခဲ့တာကြောင့် သူလိုချင်တဲ့ ပုံစံအတိုင်း ရောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဝိန်းရွန်နီဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူဦးမယ်လို့ ပြောထားပြီး နည်းပြလောကထဲကို အလောတကြီး ပြန်ဝင်လာဖို့ မရှိသေးတာပါ။

ဝိန်းရွန်နီဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်တယ်လို့ ပြောထားသလို အသင်းရဲ့ အနာဂတ် နည်းပြလောင်း စာရင်းမှာ ပါဝင်နေပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ဆိုရင် အခြားအသင်းတွေမှာ အောင်မြင်မှုရအောင် ပြုလုပ်ပြီး ကိုင်တွယ်ခွင့်နဲ ထိုက်တန်တဲ့ သက်သေပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။