CNI International Article

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃

အများခန့်မှန်းထားကြတဲ့အတိုင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က အထက်လွှတ်တော်ကနေ ပီတာလင်ဂျာရိုရတ် ကို ဝန်ကြီးချုပ်အဖြစ် သဘောမတူခဲ့ကြပါဘူး။

ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ကို ရွေးချယ်ဖို့ လွှတ်တော်မှ ဒုတိယအကြိမ် မဲခွဲလို့ ဒီနေ့မှာလည်း အလားတူ အဖြေပဲ ထွက်လာခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ 

ဒါပေမယ့်လည်း ဒီလို ဗြောင်ကျကျ ငြင်းပယ်လိုက်တဲ့ အတွက်တော့ ဒီမိုကရေစီစနစ် တစ်ခုရဲ့ အဓိက ထောက် တိုင်ဖြစ်တဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးတွေ၊ ပြီးတော့ အများစု စည်းမျဉ်းဆိုတာတွေကို မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ 

လူထုစည်းရုံးဟောပြောပွဲမှာ ပီတာကိုတွေ့ရစဉ်

ပြောရရင်တော့ မစ္စတာပီတာဆိုတာက ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ မဲ ၁၄ သန်း၊ အမတ်နေ ရာ ၁၅၁ နေရာနဲ့ အများစုကို အနိုင်ရလိုက်တဲ့ ထိုင်းနိုင်ငံရဲ့ တိုးတက်တဲ့ပါတီ ရှေ့သို့ချီပါတီ(Move Forward Party-MFP)ရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့ (၈)ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နိုင်တဲ့ အခွင့်အရေး ရခဲ့ပါတယ်။ 

ဒါပေမယ့် အစိုးရအိမ်တော်ကို သွားတဲ့လမ်းကို အထက်လွှတ်တော် အမတ်အများစုက ပိတ်ဆို့(လွှတ်တော်ထဲမှာ မဲပေးကန့်ကွက်နည်းဖြင့် ပိတ်ဆို့)ထားကြပါတယ်။ 

သူဟာ အောက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမဲကို ၃၁၁ မဲအထိ ရထားပေမယ့်လည်း အထက်လွှတ်တော် အမတ် ၂၄၉ ယောက် အနက်က ၁၃ ယောက်ပဲ သူ့ကို ထောက်ခံပါတယ်။ 

ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့က အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ရဖို့လိုအပ်တာဖြစ်လို့ သူဒီထောက်ခံမဲ အရေအတွက်ကို မရဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ 

မစ္စတာပီတာ ပထမအချီမှာ ရှုံးနိမ့်သွားရတာက ၂၀၁၄ ခုနှစ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့ အာဏာသိမ်းသူ တီထွင်ခဲ့တဲ့ နိုင်ငံရေးယန္တရားကြောင့်ပဲ ဖြစ်ပါတယ်။ 

ထိုင်းစစ်အစိုးရ ကမကထပြုခဲ့တဲ့ ဖွဲ့စည်းပုံပါ အပိုဒ် ၂၇၂ မှာ ဝန်ကြီးချုပ်ကို ရွေးကောက်ခံ အောက်လွှတ်တော် အမတ်တွေက ရွေးချယ်စဉ် အထက်လွှတ်တော်အမတ် ၂၅၀ ကိုလည်း ပါဝင်စွက်ဖက်ခွင့် အပ်နှင်းထားတာပဲ ဖြစ်ပါတယ်။

 လွှတ်တော်အတွင်းမှာ ပီတာ ဆွေးနွေးနေစဉ်

ဒါပေမယ့်လည်း ဒီအခွင့်အာဏာဟာ ကြားကာလ အထက်လွှတ်တော်အမတ်တွေ သူတို့သက်တမ်း ကုန်ဆုံးတဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်အထိသာ မြဲနေမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမူကပဲ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို နှောင့်နှေးစေတဲ့ အဓိက အတားအဆီးပဲ ဖြစ်ပါတယ်။ 

အထက်လွှတ်တော်ဟာ နောက်နှစ် မေလမှာ သက်တမ်း ကုန်ပြီဆိုပေမယ့််လည်း မဲပေးမှုရဲ့ ရလဒ်ကတော့ နောက် ရွေးကောက်ပွဲ မတိုင်မီအထိ တည်တံ့နေမှာဖြစ်ပါတယ်။

ဒါကြောင့် နောင်ဖြစ်လာမယ့် နိုင်ငံရေးဂယက်ကို ပြောနေစရာတောင် မလိုတော့ပါဘူး။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Move Forward ပါတီက အပိုဒ် ၂၇၂ ကို ဖျက်သိမ်းပြီး အထက်လွှတ်တော်ရဲ့ အခွင့် အာဏာကို ဖယ်ရှားဖို့ အဆိုပြုခဲ့ပါတယ်။ ဒါဟာ မစ္စတာပီတာကို အစိုးရအိမ်တော်ဆီ တွန်းပို့ပေးမယ့် အဓိက မဲဆွယ် ကြွေးကြော်သံလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အဓိက မကျေနပ်ကြတာက lese majeste law လို့ခေါ်တဲ့ ဘုရင်အားစော်ကားမှုကို တားမြစ်တဲ့ ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

အထက်လွှတ်တော် အမတ်တွေအပြင် တိုးတက်တဲ့ အတိုက်အခံဘက်ခြမ်းက နိုင်ငံရေးပါတီတွေကတောင် သူတို့ အနေနဲ့ မစ္စတာပီတာအား ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းရတာက ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ့် MFP ပါတီရဲ့ မူဝါဒ ရပ်တည်ချက်ကြောင့််ပဲ ဖြစ်တယ်လို့ ပြောလာကြပါတယ်။ 

တကယ်တော့လည်း မဲဆွယ်ကာလမှာတော့ MFP ပါတီ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အငြင်းပွားဖွယ်ရာ ပေါ်လစီကို လေသံလျှော့ပြီး ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချ၊ စီးပွားရေးမှာ လက်ဝါးကြီးအုပ်စနစ်ကို ပယ်ဖျက်၊ ဗဟိုဦးစီးစနစ်ကိုလည်း ဖြေလျော့ စတဲ့ တခြားအရေးများကိုသာ ဦးစားပေးပြီး မဲဆွယ်ခဲ့ကြပါတယ်။ 

အဲဒီတုန်းကတော့ MFP ပါတီဟာ အများသူငါ ခံစားနေရတဲ့ ပြဿနာတွေကိုသာ အာရုံစိုက်ပြီး ပြည်သူတွေရဲ့ ဘဝ အခြေ မြင့်မားရေးကိုသာ ဇောင်းပေး မဲဆွယ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က မစ္စတာပီတာ ပထမအကြိမ် အရေးနိမ့်သွားတဲ့ အခါမှာတော့ MFP ပါတီ လိုလားသူတချို့ ကတောင် ပါတီကို ပုဒ်မ ၁၁၂ ပြင်ဆင်ရေးဆိုတဲ့ ရည်မှန်းချက်ကို တစ်ထစ်လျှော့ (ဒါမှမဟုတ်) လုံးဝ နောက်ဆုတ် လိုက်ဖို့ ဖိအားပေးလာခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို လုပ်ရင်တောင်မှ ပါတီအနေနဲ့ ထောက်ခံမှု ပိုရလာဖို့ အာမခံချက် မရှိပါဘူး။ ဒါ့အပြင် ပါတီအနေ နဲ့ ဘယ်တုန်းကမှ မူဝါဒ ရပ်တည်ချက်ကို လျှို့ဝှက် မထားခဲ့လို့ အခုကျမှ နောက်ကြောင်း ပြန်လှည့်ရမလားလို့ မေးစရာ ရှိလာပါတယ်။ 

ပြီးတော့ ပြင်ဆင်ရေးမူရဲ့ သဘောထားအမှန်က ဘုရင်စနစ်ကို ခေတ်နဲ့ မျိုးဆက်သစ် ထိုင်းလူငယ်တွေနဲ့ သဟဇာတဖြစ်လာအောင် ကူညီလိုရင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပါတီအနေနဲ့တော့ ဘုရင်အားစော်ကားမှုကို တားမြစ်သည့်ဥပဒေအား ပြင်ဆင်လိုက်မှ နိုင်ငံရေးသမားတွေ၊ မရိုးသားသူတွေက ပုဒ်မ ၁၁၂ ကို နိုင်ငံရေး အမြတ်ထုတ် အသုံးချမှုကို တားဆီးနိုင်မယ်လို့ မြင်ပါတယ်။ 

ဒီပုဒ်မကသာ ဘုရင်စနစ်အတွက် တကယ့်အန္တရာယ်လို့ Move Forward ပါတီက ထင်မြင်ယူဆထားပါတယ်။ 

ဆယ်စုနှစ် အတော်ကြာအောင်ပဲ အရာထမ်း အမှုထမ်းတွေဟာ ဘုရင်ရဲ့ ညွှန်ကြားချက်အရ အလုပ်လုပ်နေတယ် ဆိုတဲ့ မျက်နှာဖုံးကို စွပ်ပြီး အစစ်ဆေးခံရမှာကို ရှောင်ကွင်းနေခဲ့ကြပါတယ်။

တခါတုန်းက အများပြည်သူ နေရာတွေမှာ ပြထားတဲ့ ဘုရင့်ပုံတွေက အမြဲတမ်း အသစ်စက်စက်တွေ ဖြစ်နေရတာ ဘာ့ကြောင့်လဲလို့ အရာရှိတစ်ယောက်ကို မေးကြည့်တဲ့အခါ ဒီပုံတွေကို ရောင်းချတာက အမြတ်အစွန်း အများကြီး ရတဲ့ အလုပ်ပဲ။ 

ဈေးနှုန်းကိုတောင် စောဒကမတက်ဘဲ ဝယ်ကြတယ်လို့ ဆိုပါတယ်။ 

ဒီလို အမြတ်ထုတ်နေမှုကို လူ ဘယ်လောက်များများက ဝေဖန်ရဲကြသလဲ။ ရည်ရွယ်ချက်က ကောင်းရင်သော်မှ ဝေဖန်သူအဖို့ ပုဒ်မ ၁၁၂ နဲ့ တရားစွဲခံရနိုင်တဲ့ အန္တရာယ်က ရှိနေတယ်။ 

ဒါပေမယ့်လည်း MFP ပါတီ အမတ်တွေဟာ လွှတ်တော် အငြင်းအခုန်တွေမှာ ပုဒ်မ ၁၁၂ အား အလွဲသုံးစားလုပ်မှု ကို ဆန့်ကျင် ပြောဆိုရတော့မယ့်် အခါတိုင်း နောက်မတွန့်ခဲ့ကြဘူး။ 

အရင် အောက်လွှတ်တော်ရဲ့ ပြီးခဲ့တဲ့ လေးနှစ်ကာလမှာလည်း အကြောက်အလန့်မရှိတဲ့ MFP အမတ်တွေဟာ ထိုင်းလူ့အဖွဲ့အစည်းထဲက အထူးသဖြင့် စစ်တပ်နဲ့ လုပ်ငန်းကြီးတွေကြားက လုပ်ပိုင်ခွင့်နဲ့ မဲဆွယ်နေတဲ့ ကွန်ရက် တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ 

ပီတာနဲ့ သူ့ရဲ့ပါတီထောက်ခံသူများကိုတွေ့ရစဉ်

မစ္စတာပီတာရဲ့ ပထမစီရင်ချက်နေ့ ဇူလိုင် ၁၃ ရက် မတိုင်မီမှာပဲ၊ ၂၀၁၄ အာဏာသိမ်း ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံရေးကနေ အနားယူပြီလို့ ကြေညာလိုက်တာကြောင့် သူထွက်သွားရင် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းနိုင်မလားလို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း အခုတော့ သူထွက်တာနဲ့မဆိုင်၊ အပိုဒ် ၂၇၂ လို သူသုံးခဲ့တဲ့ နည်းစနစ်တွေက သြဇာသက်ရောက်ဆဲဆိုတာကို ရှင်းရှင်းလင်းလင်း သိလာခဲ့ကြပါတယ်။ 

မစ္စတာပီတာရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်ရေး အခွင့်အလမ်းတွေဟာလည်း အားပျော့သွားပြီ ဖြစ် သလို၊ MFP ပါတီရဲ့ ထိုင်းနိုင်ငံကို အုပ်ချုပ်ဖို့ ဖြစ်နိုင်ခြေဟာလည်း အလွန်ကို နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။

အဘက်ဘက်က သူတို့ကို ပူးပေါင်းကြံစည်နေကြပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မစ္စတာပီတာအပေါ် အမှုနှစ်ခုကို ဖွဲ့စည်းပုံခုံရုံးမှာ စွဲချက်တင်ထားပြီး အချိန်မရွေး စီရင်ချက်ချနိုင်တဲ့ အနေအထား ပါပဲ။ 

ရလဒ်က မစ္စတာပီတာနဲ့ သူ့ပါတီအတွက် ကြမ္မာငင်စေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ သူ့ကို စည်းကမ်းနဲ့ မညီဘူး လို့ သတ်မှတ်နိုင်သလို၊ MFP ပါတီလည်း ဖျက်သိမ်းခံရနိုင်ပါတယ်။

ဒီနည်းဗျူဟာတွေက ရှေးရိုးစွဲ အဖွဲ့အစည်းကြီးက ယခင်ကတည်းက ကိုးကား အားထားလာခဲ့တဲ့ ကစားကွက် စာအုပ် အဟောင်းကြီးထဲက ဆွဲထုတ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် ညွန့်ပေါင်းထဲက အစိတ်အပိုင်းတွေကလည်း MFP ပါတီနဲ့ ခွာပြဲမယ့် အရိပ်အယောင်တွေ ပြလာကြပါပြီ။ တချို့ဆိုရင် မီဒီယာမှာတောင် ဗြောင်ဖွင့်ပြောလာကြပြီး တခြားပါတီတွေကိုပါ စည်းရုံးလာကြပါတယ်။ 

တကယ်တော့ မစ္စတာပီတာက နိုင်ငံရေးယဇ်ကောင် ဖြစ်လာတာပါ။ ဒါက ထိုင်းနိုင်ငံမှာ လစ်ဘရယ် ဒီမိုကရေစီ ဟာ မရင့်မှည့်ခင် ကြွေကျသွားမှုကို ဖော်ကြူးနေပါတယ်။ 

ဥပေဒနဲ့အညီ ရွေးကောက်ပွဲကို အနိုင်ရလာခဲ့တဲ့ မစ္စတာပီတာနဲ့ MFP ကို ပယ်ချလိုက်တာဟာ အခြေခံကျကျ ပြောင်းလဲမှုကို လိုလားတဲ့ ထိုင်းမဲဆန္ဒရှင်တွေရဲ့ တောင်းဆိုချက်တွေနဲ့ အိပ်မက်တွေကို ငြင်းပယ်လိုက်တာပဲ ဖြစ်ပြီး၊ ဆယ်စုနှစ် ပေါင်းများစွာ နိုင်ငံကို ကြီးစိုးလာနေခဲ့တဲ့ ရှေးရိုးစွဲ အာဏာ လက်ရှိတွေဟာ ပိုလို့တောင် ခိုင်မာ အားကောင်း လာတယ်ဆိုတဲ့ သဘောပါပဲ။ 

ဒီဆောင်းပါးရေးသူ တီတီပို ဖက်ဒီးဝါနစ် (Titipol Phakdeewanich)ဟာ ထိုင်းနိုင်ငံ၊ အူဘွန် ရာချာသာနီ တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဋ္ဌာနမှ နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦး ဖြစ်ပါတယ်။ 

Source: ဘန်ကောက်ပို့စ်