CNI International Article

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

အီရန်နှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ကြား ဆက်ဆံရေးများ ပြန်လည်စတင်ရန် သဘောတူညီချက်သည် အရှေ့အလယ်ပိုင်းနှင့် ယင်းဒေသကို ကျော်လွန်၍ သက်ရောက်မှုများစွာကို ဖြစ်စေခဲ့သည်။

ထို့အပြင် ယင်းသည် ဒေသတွင်း ပြိုင်ဘက် နှစ်နိုင်ငံအကြား လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာနိုင်ခြေ ရှိမှုကိုလည်း လျော့ကျသွားစေခဲ့သည်။

ပင်လယ်ကွေ့ နှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် ထင်ရှားသော ရှီးအိုက် ခေါင်းဆောင်တစ်ဦးကို ဆော်ဒီဘက် မှ ကွပ်မျက်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

ကွပ်မျက်မှုကြောင့် အီရန်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ကာ တီဟီရန်ရှိ ဆော်ဒီသံရုံးကိုပါ ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။ သို့သော် နှစ်နိုင်ငံအကြား ပထဝီဝင် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများသည် ယခင်ကတည်းက ရှိနှင့်နေပြီးသား ဖြစ်သည်။

ဆိုးရွားနေသော နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြီးခဲ့သည့် သီတင်းပတ် သောကြာနေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ဆွေးနွေးမှုများတွင် အဖြေရှာနိုင်ခဲ့သည်။ တရုတ်မှ ကမကထ လုပ်ပေးခဲ့သော ဆွေးနွေးပွဲများတွင် အပြန်အလှန် ဆက်ဆံရေးများ ပြန်လည် စတင်ရန်၊ သံရုံးများကို နှစ်လအတွင်း ပြန်ဖွင့်ရန်လည်း သဘောတူညီမှု ရရှိခဲ့သည်။

တရုတ်-ဆော်ဒီ-အီရန် သဘောတူညီချက် ရယူနေစဉ်

ရရှိခဲ့သော သဘောတူညီချက်တွင် နိုင်ငံအသီးသီး၏ အချုပ်အခြာ အာဏာကို အပြန်လှန် လေးစားရန်၊ နိုင်ငံတစ်ခု စီ၏ ပြည်တွင်းရေး ကိစ္စများကို ဝင်ရောက် မစွက်ဖက်ရန်လည်း ပါဝင်သည်။

ဆွန်နီအများစု နေထိုင်ရာ ဆော်ဒီသည် အာရပ်ကမ္ဘာတွင် ဆွန်နီလူမျိုးများအား ကိုယ်စားပြုသကဲ့သို့ ရှီးအိုက် အများစု နေထိုင်ရာ အီရန်သည်လည်း ရှီးအိုက်ကိုယ်စားပြု နိုင်ငံတစ်ခု ဖြစ်သည်။

ရန်ဘက် လူမျိုးစု အသီးသီးကို ကိုယ်စားပြုသည့် ပြိုင်ဘက်နှစ်နိုင်ငံကြား သဘောတူညီချက်သည် အာရပ်နိုင်ငံများ အတွက် သာမက အမေရိကန်နှင့်အစ္စရေးတို့ကဲ့သို့ ရန်ဘက်နိုင်ငံများအတွက်လည်း သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်သည်ဟု ယူဆရသည်။

အီရန်-ဆော်ဒီ နှစ်နိုင်ငံကြား သဘောတူညီချက်ကြောင့် အောက်ပါ နိုင်ငံများတွင် အကျိုးသက် ရောက်မှုများ ရှိလာ နိုင်သည်။

ယီမင်
***********

အီရန်နှင့်ဆော်ဒီ နှစ်နိုင်ငံလုံးသည် ယီမင်၏ ကာလရှည် ပြည်တွင်းစစ်တွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လျက် ရှိ သည်။

ဆော်ဒီသည် ယီမင်ပြည်ပြေး အစိုးရကို ထောက်ခံကာ ၂၀၁၅ ခုနှစ်တွင် ပဋိပက္ခအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အီရန် က ရန်ဘက်ဟူသီသူပုန်များကို ထောက်ခံသည်။

ဟူသီများသည် ၂၀၁၄ ခုနှစ်တွင် မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့သည်။ ယီမင်ပြည်တွင်းစစ်သည် ကမ္ဘာ့အဆိုးရွား ဆုံး လူသာချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေရုံမက အီရန်နှင့်ဆော်ဒီတို့အကြား ကြားခံစစ်ပွဲတစ်ခု ကိုလည်း ဖြစ်စေခဲ့သည်။

စစ်ပွဲရပ်တန့်နိုင်ရေး သံတမန်ရေးအရ ကြိုးပမ်းမှုများသည်လည်း ယနေ့အထိ အရာထင်ခဲ့ခြင်း မရှိပေ။ ထိုအခြေအ နေများတွင် အီရန်နှင့်ဆော်ဒီတို့အကြား သဘောတူညီချက်က ယီမင်ပဋိပက္ခ ဖြေရှင်းရေးအတွက် ကြီးမားသော သက်ရောက်မှုများ ဖြစ်လာလိမ့်မည်ဟု ယူဆနိုင်သည်။

လက်ဘနွန်
************
အီရန်သည် လက်ဘနွန်မှ ရှီးအိုက် လက်နက်ကိုင် အဖွဲ့ဖြစ်သော ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ခံကာ ဆော်ဒီနိုင်ငံ က နိုင်ငံတွင်းရှိ ဆွန်နီနိုင်ငံရေး သမားများကို ထောက်ခံလျက်ရှိသည်။

ပြိုင်ဘက် နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိမှုက လက်ဘနွန်တွင် နိုင်ငံရေးအရ ပြန်လည် ရင်ကြားစေ့ရေး ကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယုံကြည်ရသည်။ လက်ဘနွန်သည် ဆိုးရွားသော ဘဏ္ဍာရေး ချွတ်ချုံကြမှုနှင့် ရင်ဆိုင်နေရသော နိုင်ငံလည်း ဖြစ်သည်။

ဆီးရီးယား
*************

ဆီးရီးယား ပြည်တွင်းစစ်တွင် အီရန်သည် သမ္မတ ဘာရှားအယ်လ်အာဆတ် ဘက်မှဖြစ်ပြီး ဆော်ဒီသည် အာဆတ်ကို ဖြုတ်ချလိုသော သူပုန်တပ်ဖွဲ့များဘက်မှ ဖြစ်သည်။

သို့သော် ပြီးခဲ့သည့်လများ အထူးသဖြင့် ငလျင်လှုပ်ပြီးချိန်မှ စတင်ကာ အာရပ်နိုင်ငံများသည် အာဆတ်နှင့် ပိုမိုနီးကပ်လာသည်ကို မြင်တွေ့ခဲ့ရသည်။ သောကြာနေ့ ဘေဂျင်း သဘောတူညီချက်ကြောင့် ဆော်ဒီသည် အာဆတ် အစိုးရနှင့် ပိုမို ပူးပေါင်းဆောင်ရွက်လာ နိုင်ဖွယ်ရှိကာ အာဆတ်၏ သက်တမ်းကိုလည်း ပိုမိုခိုင်မာလာစေမည်ဟု သုံးသပ်နိုင်သည်။

အစ္စရေး
**********

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုသည် ဆော်ဒီအရေးဗီးယားနှင့် ပုံမှန်ဆက်ဆံရေး ထားရှိရန် အလိုရှိခဲ့သူ ဖြစ်သည်။

သို့သော် ဆော်ဒီနှင့် အစ္စရေး၏ ကာလရှည် ရန်ဘက် အီရန်တို့အကြား သဘောတူညီချက်က အစ္စရေးဝန်ကြီးချုပ် ၏ အစီအစဉ်ကို သေချာပေါက် ရှုပ်ထွေးစေလာနိုင်သည်။

ထို့အပြင် အစ္စရေး အစိုးရအနေဖြင့် အောင်မြင်ရန် ပိုမိုနီးကပ်လာသော အီရန်၏ နျူကလီယား အစီအစဉ်ကို ဆန့်ကျင့်မှု အနေဖြင့် စစ်ဘက်ဆိုင်ရာ တိုက်ခိုက်မှု ပြုလုပ်လာမည်ဆိုလျှင် အစ္စရေးနိုင်ငံအနေဖြင့် အာရပ် ကမ္ဘာတွင် ပိုမိုအထီးကျန် လာလိမ့်မည် ဖြစ်သည်။

တစ်ဖက်တွင်လည်း အစ္စရေးနှင့် ပုံမှန် ဆက်ဆံရေးရှိသော ယူအေအီးနိုင်ငံသည်ပင် ၎င်းတို့၏ ရန်ဘက် အီရန်နှင့် တင်းမာမှုများ လျော့ကျစေရန် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

 ဘိုင်ဒန်နဲ့ဆော်ဒီမင်းသားကိုတွေ့ရစဉ် 

အီရန်
********

ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ရရှိထားသော ၂၀၁၅ နျူကလီးယား သဘောတူညီချက် ပျက်စီးသွားခဲ့ပြီးနောက် အီရန်သည် ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

အီရန်-ဆော်ဒီ သဘောတူညီချက်က အီရန်အစိုးရအတွက် ၎င်းတို့အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ လျော့ပါးသက်သာစေရေး အထောက်အကူ ဖြစ်စေမည်မှာ သေချာသည်။

အီရန်သည် ရုရှားနှင့် ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ ယူကရိန်းစစ်ပွဲတွင်လည်း ရုရှားအား ဗုံးသယ်ဆောင်နိုင်သည့် ဒရုန်းများကို ထောက်ပံ့ပေးလျက် ရှိသည်။

ဆော်ဒီအာရေးဗီးယား
**********************

ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်လ်ဆယ်မန်သည် နိုင်ငံအား ရေနံအပေါ် မှီခိုနေရမှုမှ ရုန်းထွက်နိုင်ရေး ကြီးမား သည့် စီမံကိန်းများအတွက် ဒေါ်လာ ဘီလာချီ အသုံးပြုလိုနေသူ ဖြစ်သည်။

ရေနံစိမ်း တူးဖော်မှုများက ရာသီဥတု ပြောင်းလဲမှုအတွက် ခြိမ်းခြောက်မှုများ ဖြစ်စေသောကြောင့် ဖြစ်သည်။

အီရန်နှင့် တင်းမာမှု ရှိနေချိန်တွင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအတွက် စိုးရိမ်နေရမှုက အိမ်ရှေ့စံ၏ စီမံကိန်းများကို ပို၍ ဝေဝါးစေမည်မှာ သေချာသည်။

ဆော်ဒီနဲ့ အီရန် ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ်

အမေရိကန်
************

အီရန်-ဆော်ဒီ ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်း အပါအဝင် အရှေ့အလယ်ပိုင်း၏ ပဋိပက္ခများကို လျော့ ကျစေနိုင်သည့် သဘောတူညီချက်တိုင်းကို လိုလာမှုရှိကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။

သို့သော် အီရန်အနေဖြင့် သဘောတူညီချက်များအတိုင်း လိုက်နာ ဆောင်ရွက်လိမ့်မည်ဟု မထင်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုထားသော်လည်း ၎င်းတို့အနေဖြင့် အီရန်အား အနီးကပ် စောင့်ကြည့် သွားမည် ဟု ဆိုသည်။

အစဉ်အလာ ရန်ဘက် နှစ်နိုင်ငံကြား တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အဆင်ပြေသွားခြင်းက အမေရိကန် အတွက် မျက်ခုံးလှုပ်စရာ အခြေအနေတစ်ခုလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော အမေရိကန်၊ တရုတ် နှစ်နိုင်ငံလုံးသည် အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့ရေးရာ ကိစ္စများတွင် လွှမ်းမိုးနိုင်ရန် ပြိုင်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။

သို့သော် တရုတ်၏ လုပ်ဆောင်မှုများက အောင်မြင်မည်လား ဆက်လက်စောင့်ကြည့် သွားရမည်ဟု အမေရိကန် အရာရှိများက မှတ်ချက်ပြုထားသည်။