CNI Sport Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄

ဘယ်လ်ဂျီယံ အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး သူတို့ရဲ့ ရွှေရောင်မျိုးဆက်ဟာ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းဟာ ဥရောပထိပ်တန်းလိဂ်က နာမည်ကြီး ကစားသမားတွေကို ပေါင်းစပ် ထားတာကြောင့် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရနိုင်တဲ့ အသင်းအဖြစ် ရှိခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းကို ကြည့်ရမယ်ဆိုရင် ဟာဇက်၊ ဒီဘရိုင်း၊ ကော့တွိုက်စ်၊ လူကာကူ၊ ဗာတွန်ဂန်၊ တိုင်လီမန်စ်၊ မူနီယာ၊ဝစ်ဆဲလ်၊ ဘတ်ရူဝါယီတို့ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ လူစာရင်းဖြစ်ပြီး အရင်ကဆို ဖယ်လိုင်နီ၊ ဖာမယ်လန်း တို့တောင် ပါဝင်ခဲ့တာပါ။ သူတို့ လူစာရင်းဟာ တကယ်ကို တောင့်တင်းခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။

လူကာကူကို ခရိုအေရှားနဲ့ပွဲမှာ တွေ့ရစဉ် (Sky Sport)

ဘယ်လ်ဂျီယံ ကစားသမား အများအပြားဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ကစပြီး ကာလကြာရှည် တွဲဖက် ကစားခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရခဲ့တာကသာ သူတို့အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ခဲ့ရတာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဘာဆုဖလား အောင်မြင်မှုမှ မရခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၁ နေရာကို ကာလကြာရှည် သိမ်းပိုက်ထားခဲ့ ဖူးပါတယ်။ ဘယ်လ်ဂျီယံအသင်း အနေနဲ့ ဒီလိုနာမည်ကြီး ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် မျိုးဆက်သစ်တွေနဲ့ အစားထိုးပြီး အောင်မြင်မှုရအောင် ပြန်လည် လုပ်ဆောင်ရ တော့မှာပါ။

ခရိုအေးရှား အသင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း လူစာရင်းကို ကြည့်မယ်ဆိုရင် ပျှမ်းမျှအသက် ၃၁ နှစ် နဲ့ ၉၅ ရက် ရှိပါတယ်။ ဒါဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း အသင်းတွေ အားလုံးထဲမှာ အသက်အကြီးဆုံး အသင်း ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

နည်းပြ မာတီးနတ်စ်နဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ် (Sport)

ဘယ်လ်ဂျီယံ အသင်းနည်းပြ မာတီးနတ်စ်က “သူတို့မှာ အိုနာနာနဲ့ ဒိုကူတို့လို ကစားသမားတွေ ရှိပါတယ်။ ရွှေရောင်မျိုးဆက်က မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ တခုခု လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီဘရိုင်းနဲ့ ဟာဇက်တို့က အသက် ၃၁ နှစ်၊ ဗဟိုနောက်ခံ လူတွေဖြစ်တဲ့ ဗာတွန်ဂန်နဲ့ အယ်လ်ဒါဝီရယ်လ်တို့က ၃၅ နှစ်နဲ့ ၃၃ နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီဘရိုင်းက သူတို့အသင်းက ကစားသမားတွေဟာ အသက်အရွယ် ကြီးလွန်းတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်တွေကြောင့် အသင်းထဲမှာ စိတ်ဝမ်းကွဲမှု တွေတောင် ဖြစ်ခဲ့တာပါ။

မော်ရိုကို အသင်းကို အရေးနိမ့်တဲ့ပွဲမှာ နောက်ခံလူ ဗာတွန်ဂန်က ရှေ့တန်း ကစားသမားတွေက အသက်ကြီး လွန်း နေတာကြောင့် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ ပါသေးတယ်။

ဒါတွေကလည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း ကျရှုံးတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ ခရိုအေရှား ယှဉ်ပြိုင်စဉ် (Football365)

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုပ်စုတွင်း ၃ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် အခု ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး သွင်းဂိုးကလည်း ၁ ဂိုးသာ ရခဲ့တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့တာ ပါ။ ရွှေရောင်မျိုးဆက် တစ်ခုလို တောက်ပခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း အခုအချိန်ထိ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ နည်းပြ မာတီးနတ်စ်ပါပဲ။

မာတီးနတ်စ် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို ကြည့်ရရင် ဝီဂန်၊ ဆွမ်ဆီး၊ အဲဗာတန် အသင်းတွေသာ ဖြစ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက သူ့ကို ယုံယုံကြည်ကြည်နဲ့ ၂၀၁၆ ကတည်းက နည်းပြအဖြစ် ခန်အပ်ခဲ့တာ ဖြစ်ပါတယ်။

မာတီးနတ်စ်ဟာ ဝီဂန်အသင်းကို အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့တာကလွဲပြီး နည်းပြဘဝမှာ အောင်မြင်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း မာတီးနတ်စ်ဟာ ထိပ်တန်းအဆင့်ရှိတဲ့ ဘယ်လ်ဂျီယံ ကစား သမားတွေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မာတီးနတ်စ်ဟာ ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်တာ ၆ နှစ်ကြာခဲ့ပေမယ့် လောက်လောက်လားလား ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ သူ့နေရာမှာ တခြားနည်းပြဆိုရင် ဘယ်လ်ဂျီယံအသင်း ပြိုင်ပွဲတစ်ခုခုမှာ ချန်ပီယံဆု ရယူ နိုင်မှာ ဖြစ်ပါတယ်။

 စိတ်ဓာတ်ကျနေတဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ်(The Japan Times)

အခုတော့ မာတီးနတ်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ဘယ်လ်ဂျီယံနည်းပြ ရာထူးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနတ်စ်က “ဘယ်လ်ဂျီယံအသင်းမှာ စိတ်ပျက်စရာ ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ မှန်ထဲမှာ သူတို့ကိုယ် သူတို့ ကြည့်လိုက်မယ်ဆိုရင် လုံလောက်မှု မရှိဘူးဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ”လို့ BBC 0ne ကို ပြောခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ နည်းပြသစ်နဲ့အတူ ရွှေရောင်မျိုးဆက် ကစားသမားတချို့ကို လူငယ် ကစားသမားတွေနဲ့ သာ အတွဲညီစွာ ပေါင်းစပ် နိုင်ခဲ့မယ်ဆိုရင် လာမယ့် ယူရိုပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင် မယ့် အသင်း ပြန်ဖြစ်လာနိုင်ပါတယ်။

အခုတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက်တို့ရဲ့ အလားအလာနဲ့ အနာဂတ် စောင့်ကြည့်ရပေတော့မည်။

Source: BBC