CNI International News

ဝါရှင်တန်၊ မေလ ၇

အမေရိကန် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို ထောက်ခံသည့် ထင်ရှားသော ရီပက်ဘလစ်ကန် အထက်လွှတ်တော် နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဆူဇန်ကော်လင် (မိန်းပြည်နယ်မှ အမျိုးသမီးအမတ်)က “ကိုယ်ဝန် ဖျက်ချခြင်းဆိုင်ရာ ဥပဒေတွင် ကျန်းမာရေး ဝန်ဆောင်မှု ပေးသူအားလုံးကို လုံလောက်သော အကာအကွယ် ပေးမထားဟု မိမိ စောဒက တက်လိုကြောင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဋ္ဌာန်းပိုင်ခွင့်ကို ဖန်တီးပေးမည့် ဒီမိုကရေစီအတိုင်းအတာကို ကန့်ကွက်ကြောင်း” မေလ ၅ ရက် တွင် ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်က သတင်းဖော်ပြသည်။

အမျိုးသမီးကျန်းမာရေး အကာအကွယ်ပေးမည့် အက်ဥပဒေဟုခေါ်သည့် လတ်တလော ဝေဖန်မှု များပြားနေသော ဥပဒေ တစ်ရပ်ကို လာမည့် သီတင်းပတ်၌ အမေရိကန် အထက်လွှတ်တော်(ဆီးနိတ်)အတွင်း မဲခွဲဆုံးဖြတ်ရန် ပြင်ဆင်နေချိန်၌ အထက်ပါအတိုင်း ဆူဇန်ကော်လင်၏ သဘောထား မှတ်ချက် ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီးတစ်ဦးအတွက် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ပြဋ္ဌာန်းထားသည့် ထင်ရှားသော Roe v. Wade စီရင်ချက်ကို အမေရိကန် တရားရုံးချုပ်က ပယ်ချနိုင်ဖွယ်ရှိနေကြောင်း ဝါရှင်တန်ပို့စ်က ဆက်လက် ရေးသားထားသည်။

ဆူဇန်ကော်လင် (မိန်းပြည်နယ်မှ အမျိုးသမီးအမတ်)ကိုတွေ့ရစဉ်(GETTY IMAGES)

ဆီးနိတ် အမတ်တစ်ဦးဖြစ်သူ ရစ်ချတ်ဘလူမန်သယ် ရေးသားထားသည့် ဥပဒေကြမ်းကို ထောက်ခံလိုခြင်း ရှိ/မရှိ သတင်း ထောက်များက မေးမြန်းရာတွင် ဆူဇန်ကော်လင်က “ဒီဥပဒေကြမ်းက တတ်နိုင်လို့ စောင့်ရှောက်ပေးတဲ့ အက်ဥပဒေမှာ ထည့် ထားပြီးသား ယုံကြည်ချက်ဆိုင်ရာ အကာအကွယ်များ ပြဋ္ဌာန်းချက် အပါအဝင် ပြည်ထောင်စုနဲ့ ပြည်နယ်ဥပဒေ အားလုံးကို အစားထိုးတဲ့ သဘောပါပဲ။ အဲဒီမှာ ကိုယ်ဝန်ဖျက်ချတာ မလုပ်ဖို့ ကက်သလစ်ဆေးရုံရဲ့ အခွင့်အရေးကို အကာအကွယ် မပေး ထားဘူး။ အဲဒီ အခွင့်အရေးကို ဥပဒေမှာ ပြဋ္ဌာန်းထားတာ ကြာပြီလေ” ဟု ဖြေကြားခဲ့သည်။

လွှတ်တော်ပြင်ပ၌ အလွတ်သဘော ကောက်ယူထားသည့် စစ်တမ်းတစ်စောင်တွင် အမေရိကန်နိုင်ငံသူ၊ နိုင်ငံသား အများစု သည် ကိုယ်ဝန်ဖျက်ပိုင်ခွင့်ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။

ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို လွှတ်တော်ထဲတွင် ထောက်ခံကြသည့် အမတ်များဖြစ်ကြသော ကော်လင်နှင့် ဆီးနိတ်အမတ် လီဆာမာကိုစကီ (အလက်စကာပြည်နယ်မှ ရီပက်ဘလစ်ကန်အမတ်) တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ချပြခဲ့သော ယင်းဥပဒေ၏ အစောပိုင်း ရေးဆွဲထားမှုကို ကန့်ကွက်မဲ ပေးခဲ့ကြသည်။

ထိုစဉ်က ကော်လင်သည် ကိုယ်ဝန်ဖျက်ချခြင်းကို မလုပ်ပေးလိုသည့် ကျန်းမာရေး ဝန်ထမ်းများအပေါ် ယင်းဥပဒေ၏ အကျိုး သက်ရောက်မှုနှင့် ပတ်သက်၍ အလားတူ စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သည်။

ကိုယ်ဝန်ဖျက်ချခြင်း ကန့်သတ်မှုများအပေါ် ကန့်ကွက်နေကြစဉ်(AFP)

အမေရိကန်ပြည်တွင်း၌ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ တရားရုံး၏ သဘောထားမူကြမ်း ပေါက်ကြားသွားပြီးနောက် နိုင်ငံရေး အရ ဆန္ဒချင်း မတိုက်ဆိုင်သော ဥပဒေပြုရေးဆိုင်ရာ အချက်အလက် ရှာဖွေရေး စာမျက်နှာများကို ချန်လှပ်ထားဖို့ ယခု သီတင်းပတ်၌ ဥပဒေကြမ်းပြင်ဆင်ရေး လုပ်ဆောင်ခဲ့သည်။

သို့သော် ယင်းဥပဒေကြမ်း၏ အနှစ်သာရ ယခင်အတိုင်း ထူးမခြားနားပင် ဖြစ်နေခဲ့သည်။
ကော်လင်နှင့် လီဆာမာကိုစကီတို့သည် ဒီမိုကရက်တစ် ဥပဒေကြမ်းထက် ပိုမိုကျဉ်းမြောင်းစွာ ရေးဆွဲထားသည့် အပြိုင် ဥပဒေဖြစ်သည့် မျိုးဆက်ပွား ရွေးချယ်မှုအက်ဥပဒေကို ဦးတည် ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့ ကမ်းလှမ်းချက်ကို ထောက်ခံမှု မရခဲ့ပေ။

ကိုယ်ဝန် ၁၅ ပတ်အကြာတွင် ဖျက်ချခြင်းအား တားမြစ်ထားသည့် မစ္စ္စစ္စပီပြည်နယ် ဥပဒေကဲ့သို့သော ပြည်နယ်ဥပဒေများ၌ အဟန့်အတားများ ရှိနေသည်ဟု ယူဆကြသော ဒီမိုကရက်တစ် အမတ်များကတော့ လက်ရှိ အငြင်းပွားနေသည့် ဥပဒေကြမ်း ကို သံသယဖြင့် ရှုမြင်နေကြသည်။

Source: Washington Post