CNI News

၂၀၂၁၊ဩဂုတ် ၅

ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည့် ဂရင်းလန်းကျွန်းပေါ်ရှိ ဝင်ရိုးစွန်းဝက်ဝံ (ပိုလာဘဲ-Polar Bear) တစ်ကောင်သည် လူများနှင့် အနီးကပ်ထိတွေ့မှုရှိပြီး အန္တရာယ်ဖြစ်စေနိုင်သောကြောင့် နောက်တစ်ကြိမ် ပစ်သတ်ခံ ရနိုင်ဖွယ် ရှိနေကြောင်း၊ သတင်းမှတ်တမ်းရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦးရဲ့လက်ကို ကိုက်ခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း ဂရင်းလန်းအာဏာပိုင်များက ပြောဆိုကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် CNA ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

၎င်း ပိုလာဘဲသည် သတင်းမှတ်တမ်း(documentary) ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ အခြေစိုက်ယာယီစခန်းအနီးသို့ တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပြီး ရောက်ရှိလာသည့်အကြောင်းရင်းမှာ အပူလှိုင်းဖြတ်ခြင်းနှင့် ပိုလာဘဲဝက်ဝံတို့ ဘာသာဘာဝအစာရှာရန် လှည့်လည်မိခြင်းတို့ကြောင့်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

(Photo – Rune Dietz,Aarhus University)

ဒဏ်ရာရရှိသွားသော သတင်းမှတ်တမ်းရိုက်ကူးသူကို အိုက်စလန်ကျွန်းပေါ်ရှိ အာကူရေရီ (Akureyri) မြို့ငယ်သို့ပို့၍ ဆေးဝါးကုသပေးထားရသည်။

အဆိုပါ ဝက်ဝံရောက်ရှိလာသည့် လတ္တီကျုတည်နေရာသည် ဂရင်းလန်းကျွန်း၏အရှေ့မြောက်ကမ်းရိုးတန်း၊ ဒိန်းဘော့စခန်းမှ မီတာ ၄၀၀ ခန့်အကွာတွင်ဖြစ်ကြောင်း၊ ဩဂုတ် ၂ ရက်၊ တနင်္လာနေ့အစောပိုင်းက နွေရာသီကာလ နေမဝင်သေးတာကြောင့် သတင်းမှတ်တမ်းရိုက်ကူးရေးစခန်းချရာ ယာယီတဲ ပြတင်းပေါက် အပြင်ဘက်မှနေ၍ ရိုက်ကူးရေးသမားတစ်ဦး၏ ဦးခေါင်းကို ဝက်ဝံက လက်ဖြင့်လာပုတ်ခဲ့ကြောင်း သိရသည်။

ဂရင်းလန်းကျွန်းအခြေစိုက် ဒိန်းမတ်အာတိတ်စစ်တပ်၏ သုံးယောက်တစ်ဖွဲ့ တပ်သားများအနက်မှ တစ်ယောက်၏ လက်ကိုလည်း ၎င်းဝက်ဝံက ကိုက်သဖြင့် ထွက်ပြေးသွားအောင် ပစ္စတိုသုံး၍ ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း အဆိုပါစစ်တပ်က ပြောသည်။

(Photo – natural world safari)

အလားတူ ဖြစ်စဉ်မျိုး ၅ ခု အတွက် အပြစ်တင်ခံနေရသော အဆိုပါဝက်ဝံသည် တနင်္လာနေ့တစ်ညလုံးနှင့် အင်္ဂါနေ့နံနက်အထိ အဆိုပါစခန်းတဝိုက် လှည့်လည်နေပြီး သတင်းမှတ်တမ်းရိုက်ကူးရေးတဲရှိ ပြတင်းပေါက်ကို ရိုက်ချိုးထွက်ပြေးသွားခဲ့ပြန်သည်။

၎င်းပိုလာဘဲဝက်ဝံကို ဒေသဆိုင်ရာအာဏာပိုင်များက ပြဿနာတစ်ခုအဖြစ် သတ်မှတ်ပြီး ဝက်ဝံပြန်လှည့်လာချိန် ပစ်သတ်ခွင့်ပေးထားကြောင့် ဒိန်းမတ်စစ်တပ်က ပြောသည်။

(Photo – Flickr)

ယခုလတ်တလော ဂရင်းလန်းကျွန်း၏အရှေ့မြောက်ဘက်တွင် အပူချိန် ၂၃ ဒသမ ၄ ဒီဂရီဆဲလ်ဆီးရတ် ရှိနေပြီး အပူလှိုင်းဖြတ်ခြင်းနှင့် ရင်ဆိုင်နေရသည်။ ရေခဲပြင်များ ပျောက်ဆုံးလာသဖြင့် ဝင်ရိုးစွန်းဝက်ဝံများအနေဖြင့် သူတို့အမဲလိုက်နေကျ ရေခဲပြင်ကို ကျောခိုင်းခဲ့ရပြီး ကုန်းခေါင်ခေါင်ပေါ်နေဖို့ ပိုမိုတွန်းအားပေးရာရောက်ကာ အစာရှာရခက်ပြီး အားနည်းချက်ရှိနေတာကြောင့် ဝက်ဝံမျိုးစိတ် ဆက်ထိန်းသိမ်းဖို့လိုကြောင်း ကျွမ်းကျင်သူ တွေက သတိပေးခဲ့သည်။

ယင်းဝက်ဝံမျိုးသည် ရှားပါးလာသော်လည်း လူသားများနှင့် နီးကပ်တွေ့ဆုံမှု တိုးလာသည်နှင့်အမျှ လူတို့ နေထိုင်ရာဒေသများသို့ အစာရှာမှုပိုမိုများပြားလာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိများက ဆိုသည်။

(Photo – Natural World Safari)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်က ထွက်ရှိလာတဲ့ သုတေသနစာတမ်းတစ်စောင်တွင် သဘာဝရာသီဥတုပြောင်းလဲမှုကြောင့် ဝင်ရိုးစွန်းဝက်ဝံ ပိုလာဘဲအကောင်ရေ ၂,၁၀၀ ခန့် မျိုးသုဉ်းတော့မည်ဖြစ်ကြောင်း ဆက်လက်သတိပေးခဲ့သည်။ လတ်တလောအနေအထားတွင် ပိုလာဘဲကောင်ရေ ၂၅,၀၀၀ သာ ကျန်ရှိတော့သည်ဟု အေအက်ဖ်ပီသတင်းအရ သိရသည်။

 

Source: AFP, Channel News Asia

 

#ပိုလာဘဲ

#ရှားပါး

#ဝက်ဝံ

#polar

#bear

#GreenLand

#ရေခဲပြင်

#ဝင်ရိုးစွန်း

#CNIMyanmar

#CNINews

#ChannelNewsIndependent