CNI International News

ဂျီနီဗာ၊ ဧပြီ ၂၄

အာရှတိုက်သည် ပြီးခဲ့သည့်နှစ်က ရာသီဥတုနှင့်ဆက်နွှယ်သည့် ဘေးအန္တရာယ်များ အများဆုံး ဖြစ်ပွားခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က အာရှတိုက်သည် ရေလွှမ်းမိုးမှုများနှင့် မုန်တိုင်းများကြောင့် လူသေဆုံးမှု အများဆုံး ဒေသအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

WMO ၏ ဧပြီ ၂၃ ရက်က ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အတွင်း အာရှဒေသ၌ ရေနှင့်ဆက်စပ်သည့် မိုးလေဝသ ဖြစ်စဉ်ကြောင့် ဘေးအန္တရာယ် ၇၉ ခုရှိခဲ့ကြောင်း၊ ထိုဘေးအန္တရာယ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေလွှမ်းမိုးမှုများနှင့် မုန်တိုင်းများကြောင့်ဖြစ်ပြီး သေဆုံးသူ ၂၀၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ဒေသ ပျက်စီးမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဆေးနေစဉ်

“၂၀၂၃ ခုနှစ်အတွင်း အာရှဒေသက နိုင်ငံအများစုဟာ စံချိန်တင် အပူဆုံးနှစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ မိုးခေါင်းမှု တွေ၊ အပူလှိုင်း ကျရောက်မှုတွေ၊ ရေလွှမ်းမိုးမှုတွေနဲ့ မုန်တိုင်းတွေလိုမျိုး ဆိုးရွားပြင်းထန်တဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်” ဟု WMO အတွင်းရေးမှူးချုပ် ဆယ်လက်စတီ ဆော်လို (Celeste Saulo) က ပြောကြားခဲ့ သည်။

ထို့ပြင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် ထိုကဲ့သို့ မိုးလေဝသဖြစ်စဉ်များ ပိုမိုဆိုးရွားပြီး မကြာခဏ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

အာရှဒေသသည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ အခြေအနေအရ လျင်မြန်စွာ ပူနွေးလာကြောင်း၊ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းနှင့် ဂျပန်တို့အပြင် ဆိုက်ဘေးရီးယား (Siberia) အနောက်ပိုင်းမှ ဗဟိုအာရှဒေသ တစ် လျှောက် အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ကြောင်း WMO က ထုတ်ပြန်ခဲ့သည်။

အာရှတိုက်၏ မြင့်မားသည့် တောင်းတန်းဒေသတွင်ရှိသည့် ရေခဲမြစ်အများစုသည် စံချိန်တင် ပူပြင်းခြောက်သွေ့ သည့် အခြေအနေများကြောင့် အရည်ပျော်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်