CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၇

ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် ဖေဖော်ဝါရီ ၆ ရက်နေ့က ဆီးနှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့သဖြင့် လမ်းပေါ်၌ လူပေါင်းများစွာ ချော်လဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် တိုကျိုမြို့တော်ရှိ ဆေးရုံမှာ လူပေါင်း ၁၀၉ ဦးခန့်  ဆေးဝါး ကုသမှု ခံယူနေရကြောင်း တိုကျိုမီးသတ်ဌာနက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည့် ဒဏ်ရာရရှိသူများထဲတွင် အသက် ၄ နှစ် အရွယ်ရှိသည့် ကလေးသူငယ်များမှအစ အသက် ၉၂ နှစ်အရွယ် သက်ကြီးရွယ်အိုများအထိ ပါဝင်ပြီး အသက် အန္တရာယ် စိုးရိမ်ရသူမရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိမ်နီးချင်း ကာနာဂါဝါ (Kanagawa) စီရင်စုနယ် လူ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လူ ၃၄ ဦး အသေးစား ဒဏ်ရာရရှိခဲ့ကာ ဆိုင်တားမား (Saitama) စီရင်စုနယ်တွင်လည်း ၁၂ ဦး အသေးစား ဒဏ်ရာရရှိခဲ့သည်။

ဂျပန်နိုင်ငံမှာ ဆီးနှင်းများ ကျနေစဉ်

ဂျပန်မိုးလေဝသအေဂျင်စီက စီရင်စုနယ် ၉ ခုနှစ် ဆီးနှင်းများ ထူထပ်သိပ်သည်းစွာ ကျရောက်မည့် သတိပေးချက် များကို ရုပ်သိမ်းခဲ့သော်လည်း ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းအထိ နေရာဒေသအချို့တွင် ဆီးနှင်းများနှင့် နှင်းမိုး များ သည်းထန်စွာ ရွာသွန်းခဲ့သည်။

East Japan Railway မီးရထားကုမ္ပဏီ၏ ချူအို (Chuo) လမ်းကြောင်းနှင့် အိုမီ (Ome) လမ်းကြောင်းများတွင် ရထားပြေးဆွဲမှုများလည်း ယာယီ ရပ်နားခဲ့ရသည်။ 

Tokaido Shinkansen ကျည်ဆန် ရထားများသည်လည်း တိုကျိုမြို့တော်၏ ရှင်နာဂါဝါ (Shinagawa) ဘူတာရုံ နှင့် ကာနာဂါဝါ စီရင်စုနယ်ရှိ အိုဒါဝါရာ (Odawara) ဘူတာရုံအကြား ပြေးဆွဲမှုများကို အရှိန်လျှော့ပြီး ပြေးဆွဲခဲ့ရ သည်။

ထို့ပြင် All Nippon Airways နှင့် Japan Airlines လေကြောင်းလိုင်းများသည်လည်း ပြည်တွင်းလေကြောင်း ခရီးစဉ် ၃၀ ခန့်ကို ဖျက်သိမ်းခဲ့ရသည်။

Source: ဘန်ကောက်ပို့စ်