CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

လာမည့် ဇူလိုင်လ (၁၉) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာနိုင်ကာ မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းတစ်ချို့တွင် မိုးကြီးရေလျှံဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်ဟု သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည့် အခြေအနေမရှိသော်လည်း ကြိုတင် ကာကွယ်နေထိုင်သင့်ကြောင်း ရခိုင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနကို ပြောသည်။

“လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်သေးဘူးလေ။ ၁၉ ရက်နေ့လောက်မှဖြစ်မှာ အဲဒီအခါကျရင် ကျနော်တို့ဆီက ရခိုင်ကမ်းရိုးတန်းဒေသတွေ တခြားနေရာတွေ မိုးများမယ်။ သက်ရောက်မှုက ဘယ်လောက်လောက် ရှိမယ် ဆိုတာကလည်း ကျနော်တို့ နေပြည်တော်က ထုတ်ပြန်ထားပြီးပြီလေ။ရေကြီးရေလျှံတွေဖြစ်နိုင်တယ် တချို့ နေရာတွေ အဲ့လိုထုတ်ပြန်ထားတာရှိတယ်လေ” ဟု ပြောသည်။

ဒါ့အပြင် မြစ်ရေကြီးသည့် ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် မိုးလေ၀သဆိုင်ရာ သတိပေးနှိုးဆော်မှုများရှိခြင်းကြောင့် မြေနိမ့်ပိုင်းဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြ ကြောင်း စစ်ကိုင်းဒေသကြီး ခန္တီးမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်းမင်းနောင် က CNI သို့ ပြောသည်။

ဦးစိုင်းမင်းနောင် က "ရေတော့ကြီးတယ်။ မြေနိမ့်ပိုင်းတော့ ဝင်နေပြီပေါ့နော်။ မြေနိမ့်ပိုင်းတွေကတော့ မြှုပ်နေပြီ။ကျနော်တို့ ခန္တီးတို့၊ ဟုမ္မလင်းတို့ဆိုတာက ရိုးနေပါပြီလေ ပြောရမယ်ဆိုရင် ရေကြီးတာလေ။ နှစ်စဥ်နှစ်တိုင်းတော့ မဟုတ်ဘူး။ အရင်တုန်းကတော့ အကြီးအကျယ် ဖြစ်ခဲ့ဖူးတယ်။ အိမ်တွေပြို ဘာတွေပြို ဖြစ်ခဲ့ဖူးတယ်။ဒါပေမယ့် ခုကမဖြစ်တာကြာပါပြီ။ မိုးတွင်းတိုင်း မိုးတွင်းတိုင်း ဒီမြေနိမ့်ပိုင်းကတော့ ရေနစ်တာ တွေရှိတာပေါ့နော်။မြေတအားနိမ့်တဲ့နေရာမို့လို့။ မြို့ကိုလွှမ်းတာတော့မရှိဘူး။ ကြာပါပြီ။ စိုးရိမ်ရေမှတ် ရောက်ရင်လည်း ကျနော်တို့ သိပ်စိတ်ပူစရာမရှိဘူးလေ။ ဘာကြောင့်လဲဆိုတော့အရင်တုန်းက ခန္တီးမြို့ကို ဝါးတစ်ပြန်လောက်ထိ ရေလွှမ်းဖူးတယ်လေ။ မြေနိမ့်နေရာတွေကတော့ ရေဝင်တာပေါ့နော်။ အဲ့လိုမျိုးကြတော့လည်း တစ်နေရာကို တစ်နေရာ ရွေ့ပြောင်းနေကြတာပေါ့နော်။ ကြိုပြီး ကြေညာထားရင် သိမ်းစရာရှိတာ သိမ်းပြီး” ဟု ပြောသည်။

သို့သော် ရခိုင်ပြည်နယ်တွင် မိုးလေဝသအခြေအနေနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများမရှိကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပုဗ္ပာရုံတိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်အမျိုးသမီးတစ်ဦးက CNI သို့ ပြောသည်။

 “ညီမတို့ ခု လောလောဆယ် မိုခါ ပြီးတဲ့နောက်ပိုင်းမှာ မိုးလေ၀သနဲ့ပက်သက်ပြီး ကြေညာတာမျိုးတွေ မရှိသေး ဘူး။ တကယ်လို့ အဲ့လို ရှိခဲ့တယ်ဆိုရင်တောင်မှ ကျမတို့ ပြည်သူတွေအတွက်ရော တခြားသူတွေအတွက်ရောပေါ့ နော်။အွန်လိုင်းပေါ်ကဖြစ်စေ ဒီ ရပ်ကွက်ထဲမှာဆိုလို့ရှိရင် လော်စပီကာနဲ့ ဖြစ်ဖြစ်ပေါ့နော် အဲ့လိုမျိုးတွေ ကြော်ငြာ တာမျိုးမရှိဘူးရှင့်။ အဲ့လိုမျိုးလုပ်ပေးသင့်ပါတယ်။ အဲ့လိုမျိုးမရှိခဲ့ဘူး ဆိုလို့ရှိရင် အခု ကြုံခဲ့ပြီးသားတွေ မိုခါတုန်း ကလိုမျိုးပေါ့ လိုင်းပေါ်မှာ ကြော်ငြာတာမျိုးတွေတော့ရှိတယ်။ ဒါပေမယ့် လူကြီးတွေအနေနဲ့ရော ရပ်မိရပ်ဖတွေ အနေနဲ့ရော အဲ့လိုသတိပေးတာတွေမရှိဆိုတော့ ညီမတို့အနေနဲ့ ကြိုတင်ပြင်ဆင်တာမျိုးတွေ မရှိတာတို့ ဖြစ်သွား တာပေါ့နော်။အဲဒါကြောင့်မျိုးတွေကြောင့် ကျမတို့တွေ ဆုံးရှုံးမှုတွေ အများကြီးရှိတာပေါ့နော်” ဟု ပြောသည်။

ယင်း လေဖိအားနည်းရပ်၀န်းကြောင့်ဖြစ်ပေါ်မည့် မုန်တိုင်းငယ်သည် လာမည့် ဇူလိုင် ၂၁ ရက်နေ့တွင် ပိုမိုအား ကောင်းလာနိုင်ပြီး အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့ကို ဖြတ်ကျော်နိုင်ကြောင်း မိုး/ဇလမှ ခန့်မှန်းထားသည်။

မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးပိုများလာနိုင်သည်။

မိုးများခြင်းကြောင့် ချင်းတွင်မြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် စိုးရိမ်ရေမှတ်အောက် နှစ်ပေ ခန့်သို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင် ကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် စိုးရိမ်ရေမှတ်အောက် တစ်လက်မခန့် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေတစ်၀က်ခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်‌ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားကြောင်း ဇူလိုင် ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းသို့ မိုးများလာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုများ အပါအဝင် မြေပြိုမှုများကိုလည်း အထူးသတိပြု၍ နေထိုင်သင့်ကြောင်း မိုး/ဇလညွှန်ကြားရေးမှူး ဦးလှထွန်းက အသိပေးပြောဆိုထားသည်။