CNI International News

အစ္စလာမ်မာဘက်၊ ဇွန်လ ၈

ပါကစ္စတန်နိုင်ငံတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ပလက်ဖောင်းများအပေါ် မှီခိုအားထားမှု မြင့်တက်လာသည့်တိုင် ပါကစ္စတန်၏ ဆိုက်ဘာရပ်ဝန်းသည် ဘေးကင်းလုံခြုံမှုမရှိသေးဘဲ ပြည်သူများအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ဟု Greek City Times မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်တွင် အချက်အလက် ကာကွယ်ရေးဥပဒေများ ကင်းမဲ့မှုနှင့် ရှင်းလင်းပြတ်သားမှု မရှိသည့် ဆိုက်ဘာရာဇဝတ်မှု မူဝါဒများကြောင့် အွန်လိုင်းမှ ငွေလိမ်သည့် ဂိုဏ်းများသည် အင်တာနက်ပေါ်၌ ဗဟုသုတနည်းသူများကို လိမ်ညာခဲ့ကြသည်။

အွန်လိုင်းမှ အတိုးကြီးမားသည့် ချေးငွေထောက်ချောက်ထဲသို့ ကျဆင်းခဲ့သော ပါကစ္စတန်နိုင်ငံသား အရေအတွက် များပြားလာမှုနှင့်အတူ Play Store သို့မဟုတ် YouTube ဗွီဒီယိုများကို ကြည့်ရှုရုံနှင့်ပင် ထိုဖြစ်စဉ်များအား သိရှိ နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ အတိုးနှုန်းကြီးမားသည့် ချေးငွေထုတ်ပေးသော အက်ပလီကေးရှင်း အများအပြားသည် ပါကစ္စတန်တွင် ပျံ့နှံလျက်ရှိပြီး ပြည်သူများကို လှည့်စားကာ ချေးငွေများထုတ်ပေးမည်ဟု လိမ်ညာ၍ အကွက်ဆင်လျက်ရှိသည်။

ဟက်ကာတစ်ဦးကိုတွေ့ရစဉ်

ထိုအက်ပလီကေးရှင်း အများစုသည် ပါကစ္စတန်၏ Google Play တွင် ထိပ်သီးဘဏ္ဍာရေး အက်ပလီကေးရှင်း အခု ၁၀၀ စာရင်း၌ ပါဝင်လျက်ရှိပြီး ထိုအက်ပလီကေးရှင်းများသည် အသုံးပြုသူများကို ရူပီးငွေများ ထုတ်ချေး မည်ဟု ကမ်းလှမ်းလျက်ရှိသည်။

ထိပ်ဆုံး အက်ပလီကေးရှင်း ၈ ခုသည် Play Store ပေါ်တွင် တင်သည့်အချိန်မှစပြီး download ဆွဲသူပေါင်း ၁၅ ဒသမ ၄ သန်းရှိခဲ့ကာ အက်ပလီကေးရှင်း အများစုမှာ တရားဝင်လုပ်ငန်း အဖွဲ့အစည်းများအဖြစ် မှတ်ပုံတင် ထားခြင်းပင် မရှိပေ။

အတိုးနှုန်း နည်းပါးမည်ဟူသည့် ကတိနှင့်အတူ ချေးငွေကို ရယူမည်ဟု အသုံးပြုသူများက အတည်မပြုခင် အချိန်မှာပင် များပြားသည့် ချေးငွေများသည် အသုံးပြုသူထံ ဝင်ရောက်လာမည်ဖြစ်သည်။

ထိုချေးငွေများကို လက်ခံရရှိသည့် အချိန်မှာပင် အတိုးနှုန်းမှာ အလွန်များပြားနေသည်အား တွေ့ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အက်ပလီကေးရှင်းများအလိုက် အတိုးနှုန်းမှာ ၂၁ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိပင် များပြား နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုကဲ့သို့ အွန်လိုင်းပေါ်တွင် မသိနားမလည်သူများကို လိမ်ညာပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်နေမှုများကို ပါကစ္စတန်၏ ငွေကြေးနှင့် ငွေလဲလှယ်မှု ကော်မရှင် (SECP) ကလည်း အရေးယူ ဖြေရှင်းခြင်းမရှိသဖြင့် ဆိုက်ဘာရာဇဝတ်များသည် စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေအထိ မြင့်တက်လာသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Greek City Times