CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၂၇

ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဝတ်လစ်စလစ်ပွဲတော် (naked festival) ကို ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး များပါ ပါဝင်ဆင်နွှဲခဲ့သည်ဟု ဘီဘီစီမှ ဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ထိုပွဲတော် ကျင်းပသည့် နှစ်ပေါင်း ၁၂၅၀ ပြည့် သမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ ပါဝင်ဆင်နွှဲမှုလည်း ဖြစ်သည်။

မကောင်းဆိုးရွားများကို နှင်ထုတ်ပြီး ပျော်ရွှင်ခြင်းများကို ဆောင်ကြဉ်းရန် ဆုတောင်းသည့် အဆိုပါ ပွဲတော်တွင် အမျိုးသမီးအဖွဲ့ ၇ ဖွဲ့ ပါဝင်ခဲ့ကြသည်။

ဂျပန်မှာ ကျင်းပတဲ့ ဝတ်လစ်စလစ်ပွဲတော်ကို တွေ့ရစဉ်

ပွဲတော်၏ အမည်မှာ ဝတ်လစ်စလစ်ပွဲတော် ဖြစ်သော်လည်း ထိုပွဲတော်တွင် ပါဝင်သူတိုင်းသည် အဝတ်အစား ဗလာဖြင့် မဟုတ်ဘဲ အဝတ်အစားများ ဝတ်ဆင်ကြသူများစွာ ရှိခဲ့သည်။

“ဒီပွဲမှာ အမျိုးသမီးတွေလည်း ပါဝင်နိုင်တယ်လို့ ကျမ ကြားသိခဲ့ရပါတယ်။ အဲဒါကြောင့် ကျမလည်း စိတ်လှုပ်ရှားမှု တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့တာပါ” ဟု အသက် ၅၉ နှစ်အရွယ် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် အီမီ တာချီဘာနာ (Emi Tachibana) က ပြောကြားခဲ့သည်။ 

ဝတ်လစ်စလစ်ပွဲတော်မှာ ဂျပန်အမျိုးသမီးတွေကို တွေ့ရစဉ်

ဂျပန်တွင် ကျား/မ ကွာဟချက် ကျဉ်းမြောင်းလာစေရန်နှင့် ကျား/မ လူဦးရေ တူညီစေရန် ရုန်းကန်နေရသည်ဟု စစ်တမ်းတစ်ရပ် ထွက်ပေါ်ခဲ့ပြီးနောက် ဂျပန်အစိုးရကလည်း ထိုပွဲတော်တွင် အမျိုးသမီးများကို ပါဝင်လာစေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

ဂျပန်သည် ကမ္ဘာပေါ်တွင် ကျား/မ ကွာဟချက် ကြီးမားမှု စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံပေါင်း ၁၄၆ နိုင်ငံတွင် ၁၂၅ နေရာမှ ရပ်တည်နေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်က ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

Source: ဘီဘီစီ