CNI News

၂၀၂၂ ခုနှစ်၊ မေ ၇

ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုတွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်တွင် နှစ်စဉ်ကြုံတွေ့နေရသည့် ပြဿနာကို တစ်ပွဲထိုးမဟုတ်ဘဲ စီမံကိန်းများ အသေအချာရေးဆွဲပြီး ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရေပေးဝေရန် တည်ဆောက်ထားသည့် ဆည်များစွာ ရှိသော်လည်း တချို့ ဆည်များသည် မြို့ရွာများသို့ ရေပေးဝေခြင်း မရှိကြောင်းနှင့် မင်းပြားမြို့နယ်တွင်လည်း ယင်းကဲ့သို့ ဖြစ်ပေါ်နေကြောင်း၊ ရခိုင်ပြည်နယ်အတွက် မြို့နယ်အလိုက် ရေလှောင်တမံများ တည်ဆောက်စေလိုကြောင်း မင်းပြားလူမှုကူညီရေးအဖွဲ့မှ ကိုကြည်လင်းက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ မင်းကျန်စစ် ကုမ္ပဏီက ဆောက်ထားတဲ့ မြောင်ကြီးဆည်ဆိုရင် မင်းပြားမြို့ကို ရေတစ်စက်မှ မရောက်သေးဘူး။ အဲဒီကုမ္ပဏီက ကြံ့ခိုင်ရေးက နန္ဒာလှမြင့်တို့ လုပ်သွားတာပေါ့ အဲဒီကုမ္ပဏီက မင်းကျန်စစ် ဆိုပြီးတော့ မင်းပြားက မြောင်ကြီးဆည်ပေါ့။ ရေဂါလံက သန်း ၉၀ လောက် ရှိတာပေါ့။ ဒါပေမယ့် မြို့ထဲကိုတော့ တစ်စက်မှ မ‌ရောက်သေးဘူး။ အရင်တုန်းကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဲဒီဆည်ကြီးပြီးတော့ မင်းပြားမြို့ ကို စီမံကိန်းဆွဲပြီးတော့ ရေပေးဝေဖို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ရာမောင်တံတားက ဖြတ်လို့မရ ဘာညာဆိုပြီးတော့ အဲဒီစီမံကိန်း ပျက်သွားပါတယ်။ ဒီနှစ်ကတော့ သူတို့ ဘတ်ဂျက်ကျပြီးတော့ ကျနော်တို့ မင်းပြားမြို့နယ် မင်းရွာ အုပ်စုကိုတော့ ရေနည်းနည်း ပေးလေ့ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ရခိုင်ဘက်မှာ တောတောင်တွေပေါတော့ မြို့နယ်အလိုက် ရေလှောင်တမံတွေ ဆောက်ပေးတာတော့ အဆင်ပြေပါတယ်ခင်ဗျ” ဟု ပြောသည်။

နှစ်စဉ် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် မြေပုံမြို့နယ်ရှိ ပြင်ဝိုင်းကျေးရွာတွင် ရေတွင်းများမှ ရေများ ခမ်းခြောက် နေပြီး ရေအနည်းငယ်သာ ထွက်ရှိသည့်အတွက် ညပိုင်းအထိ စောင့်ဆိုင်း၍ ခပ်ယူနေကြရကြောင်း ဒေသခံ ဦးလှစောဖြူက CNI သတင်းဌာနသို့ ပြောသည်။

“စောင့်စောင့်ပြီး ခပ်နေရတယ်။ ည ၁၂ နာရီ၊ ၁ နာရီ တစ်ယောက်ပြီး တစ်ယောက် အဲလို ခပ်နေရတယ်။ အချိန်နဲ့ ပေးတာမဟုတ်ဘူး။ တွင်းကနေ ကိုယ့်ဟာကို ရေပုံးနဲ့ ခပ်တာကိုး။ တွင်းဆိုတာက ဘယ်လိုခေါ်မလဲ ၁၅ ပေ လောက်တော့ နက်တာပေါ့ အဲဒီတွင်းတွေက။ အဲဒါကနေပြီး နည်းနည်းနဲ့ ထွက်တယ်။ အဲလို ဝေမျှပြီးတော့ ခပ်နေရတာပေါ့။ ၃/၄/၅ တွင်းလောက်တော့ ရှိတယ်။ သောက်ရေခပ်တဲ့တွင်းရယ်၊ သုံးရေခပ်တဲ့တွင်းရယ်ဆိုတာ ရှိတော့ရှိတယ်။ ဒါပေမယ့် အဲဒီတွင်းတွေကလည်း သိပ်များများစားစား မထွက်တော့ဘူး” ဟု ပြောသည်။

ရေတွင်း၊ ရေကန်များ တူးဖော်ရန်အတွက် အစိုးရမှ ဘတ်ဂျက်ချပေးသော်လည်း အုပ်ချုပ်ရေးမှူးများမှ ဖြစ်သလို လုပ်ဆောင်ပြီး ငွေများကို အလွဲသုံးစား လုပ်ဆောင်နေမှုများလည်း ရှိသည်ဟု ဦးလှစောဖြူက ပြောသည်။

မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာတိုင်းလိုလိုတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် တချို့ ကျေးရွာများထံသို့ ရေလှူသည့် အဖွဲ့အစည်းများ၊ အလှူရှင်များ လာရောက်လှူဒါန်းမှုများလည်း မရှိကြောင်း ယင်းဒေသခံများက ပြောသည်။

မြေပုံမြို့နယ်အတွင်း ရေရှားပါးမှုကို ဖြေရှင်းရန်အတွက် တောင်ကျရေများကို အသုံးပြုကာ ရေလှောင်ကန် တည်ဆောက်၍ ပိုက်များဖြင့် သွယ်တန်းပြီး လုပ်ဆောင်၍ ရနိုင်သည်ဟု ဦးလှစောဖြူက ဆက်ပြောသည်။

“ဒီဘက်မှာက ရေရှားပါးမှုကို လုပ်ဆောင်ဖို့ကိစ္စကတော့ ရှိတာပေါ့။ တောင်ကျရေကို တောင်ပေါ်မှာ ရေလှောင် ကန်လုပ်ပြီး အောက်ကို ရေဆင်းလို့ရတယ်။ မိုက်ခရိုတောင် အလယ်လောက်မှာ ရှိတယ်။ အဲဒီတောင်ကနေ ကျတဲ့ ရေကို တစ်ဖက်ဆည်၊ ရေလှောင်ကန် ဆောက်ပြီးတော့ ရွာကို ပိုက်လုံးတွေနဲ့ သွယ်ပြီးတော့ ရတယ်။ ရေထွက်တဲ့ နေရာ ရှိတယ်။ ဒေသမဖွံ့ဖြိုးတော့ ပိုက်ဆံတွေ ရှားပါးကြတော့ အခက်အခဲ တွေ့တာပေါ့နော်” ဟု သူက ပြော သည်။

ရခိုင်ပြည်နယ် မြို့နယ်တချို့၌ နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့နေရပြီး ယခုနှစ်တွင်လည်း ရေရှားပါးမှုနှင့် ကြုံတွေ့ နေရကာ အဆိုပါကိစ္စကို ဖြေရှင်းရန်အတွက် မည်သို့ လုပ်ဆောင်သွားဖို့ရှိသည်ကို ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ထံသို့ ဆက်သွယ်သော်လည်း မဖြေကြားနိုင်သေးကြောင်း ပြောသည်။


ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုတွင် နွေ‌ရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ထိုအထဲတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။