ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ် လိပ်ဥချိန်တွင် ဥရေ ၈၀ ကျော်သာ ရှိခဲ့ကြောင်း၊ ထိုလိပ်ဥများ ဥထားသည့် လိပ်ကျင်း တည်နေရာအား GPS ဖတ်၍ ထိန်းသိမ်းထားကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (Kyeintali Inshore Fisheries Co-management Association- KIFCA) အဖွဲ့မှ ကိုသန့်ဇင်ဦးက ရှင်းပြသည်။

KIFCA အဖွဲ့မှ ကိုသန့်ဇင်ဦးက “လာရောက်ဥချမှုကတော့ ဒီနှစ်မှာတော့ မိုးတွင်းကာလဖြစ်တာကြောင့် ပထမဦးဆုံးပေါ့လေ။ ကျနော်တို့ ရခိုင်ပြည်နယ် တောင်ပိုင်းမှာကျ မိုးတွင်းကာလကို သိပ်မတက်ဘူး။ နွေရာသီ နွေဘက် ဆောင်းကာလကို တော် တော်များများ တက်တယ် သူက။ ၂၇ ရက်နေ့က တက်တဲ့လိပ်ကတော့ ပထမဆုံးပေါ့။ ခုချိန်တက်တာလေ ဒီရာသီမှာ။ သူက တော့ မိုးတွင်းကာလဆိုတော့ လာရောက်ပြီးတော့ ဥချတဲ့အခါ သဲမြေတွေ နည်းနည်းစိုစွတ်နေတဲ့အခါ လိပ်ဥကျင်းကို ကဏန်းတွေ ဖောက်တာရှိတယ်။ အဲ့ ကဏန်းတွေမလာအောင် ကျနော်တို့က ဘေးက နှစ်တောင်ပတ်လည်လောက်ကနေ ခြံကာရတယ်။သူက အဲဒါမျိုးလေးတွေတော့ လုပ်ရတယ်။ နောက်တစ်ခုက ရေလွတ်အောင် ဂရုစိုက်ပေးရတယ်” ဟု ပြော သည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ လိပ်ထိန်းသိမ်းရေးဇုန်တွင် လာရောက်ဥ ဥသည့် ပင်လယ်လိပ်အမျိုးအစား (၂)မျိုးရှိကာ ပြင်သာလိပ်နဲ့ လိပ်လှောင်း တို့ဖြစ်ကြောင်း သိရသည်။

မိုးရာသီတွင် လိပ်ဥထိန်းသိမ်းရေးလုပ်ရာ၌ အခက်အခဲရှိပြီး နွေရာသီမှာတော့ ထိန်းသိမ်းရေးလုပ်ငန်းမှာ အဆင်ပြေကြောင်း ၊ ကျိန္တလီကမ်းခြေဒေသတွင် ယခင်နှစ်က လိပ်များ လာရောက်ဥချမှု နည်းခဲ့ပြီး ယခုနှစ်တွင် ဥချမှု ပိုမိုများပြားလိမ့် မည်ဟု မျှော်မှန်းထားကြောင်း ကိုသန့်ဇင်ဦးက ဆိုသည်။

ကိုသန့်ဇင်ဦးက “ဒီနှစ်ရာသီဥတု အနေအထားကကျတော့ ကျနော်တို့ မနှစ်တုန်းကနဲ့ မတူဘူးပေါ့။ မနှစ်တုန်းကကျ ကျနော် တို့ဆီမှာ ရာသီဥတု အနေအထားက သိပ်အေးခဲမှု သိပ်မရှိလိုက်ဘူး။ လိပ်ရဲ့သဘာဝက ကျနော်တို့ ဒီဘက်တွေမှာကျတော့ အေးလို့ရှိရင် ပိုတွေ့တဲ့ သဘောရှိတယ်။ နောက်တစ်ခုက ဒီဘက်တွေမှာကျတော့ ပိုက်တွေ ဒီဘက်မှာရှာတာ သိပ်မရှိဘူး ပေါ့။ နည်းနည်း နည်းလာတယ်။ နည်းလာတယ်ဆိုတာက ငါးသိပ်မတက်တဲ့အခါ ဟိုဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းဘက် ကို သွားရှာကြတာရှိတယ်။ အဲတော့ လိပ်တွေလည်း လိပ်ကျင်းတူးမှု နည်းနည်း လျော့ကျသွားတဲ့ သဘောရှိတယ်။ ဒီနှစ်မှာ တော့ မနှစ်တုန်းကထက် ပိုလာနိုင်တယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံရှိ ပင်လယ်လိပ်မျိုး စိတ်များသည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ၍ အကောင်ရေ လျော့နည်းလာကာ အချို့ လိပ်မျိုး စိတ်များသည် မတွေ့ရသလောက် ရှားပါးလာကြောင်း သိရသည်။

ထိုသို့ ရှားပါး ပင်လယ်လိပ်မျိုးစိတ်များအား ထိန်းသိမ်းရန် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင် (၁၇၉၂၀၀ ဧက)အား ဇုန်(၃)ဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။