- By CNI
- Category: နိုင်ငံရေး
- Hits: 735
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းအဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်က ဆောင်နိုင်ကြီးရွာ ဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင် တောင်တက်ကားဂိတ်အား ပစ်ခတ်ပြီး ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်သွားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA/PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်မှုခဲ့သည်ဆိုသော အခြေပြမြေပုံကို နစကထုတ်ပြန်
အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ကျိုက်ထီးရိုး ကင်မွန်းချောင်တွင် ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ တောင်တက်ကားဂိတ်ကို ပစ်ခံလိုက်ရတာတော့ ဟုတ်တယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေတော့ ရှိတယ်”ဟု ပြောသည်။
ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး KNLA နှင့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့(NUG)ဘက်က အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီကျော်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 773
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂
နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။
၂၀၂၃ ခုနှစ်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ၎င်းတို့အတွက် နိုင်ငံရေး ထွက်ပေါက်အဖြစ် မျှော်လင့် ထား ကြောင်း၊ ထို့ကြောင့် နစကကို နိုင်ငံရေးထွက်ပေါက်မရှိရေး လုပ်ဆောင်ထားရန် လိုအပ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် NUG အစည်းအဝေးတွင် ပြောကြားခဲ့သည်။
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက် အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်း အလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေ ကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျနော်တို့ ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
NUG ၏ အစည်းအဝေးကို တွေ့ရစဉ်
တပ်မတော်မှ အာဏာရယူမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးမှာ ပိုမို များလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများ ပေးနေသော်လည်း နစကကို ကျော်လွန်ကာ လူထုထံ အရောက်ကူညီရန် အကန့်အသတ်များ တွေ့နေရကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက စစ်အုပ်ချုပ်ရေးအတိုင်း ပြန်သွားရတော့မည့် အနေအထား ရောက်သွားမည်ဟု တအာင်းအမျိုးသားပါတီ (TNP) မှ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
မိုင်းအုဏ်းခိုင်က “ဒါ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် အခက်အခဲ၊ အကျပ်အတည်း အများကြီးတော့ တွေ့ကြုံသွားနိုင်တယ်လို့တော့ ကျနော်တော့ ကျနော်တို့က ဒီလိုတော့ မြင်ပါတယ်၊ အဲဒါကတော့ မှန်းဆလို့တော့ ခက်တယ်လေ၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ဖြစ်၏၊ မဖြစ်၏ အပေါ်မှာပဲ မူတည်တယ်လေ၊ တကယ်လို့ မဖြစ် ခဲ့ဘူးဆိုရင်တော့ ဒါလောလောဆယ် အနေအထား ကျနော်တို့ မြင်တာ စစ်အုပ်ချုပ်ရေးအတိုင်းပဲ ပြန်သွားရတော့ မယ့် အနေအထား ရောက်သွားတာပေါ့၊ အခုပြောမယ့် အနေအထားက စောပါဦးမယ် အဲဒီလိုပဲ မြင်ပါတယ်၊ ဘာလို့ လဲဆိုတော့ ရွေးကောက်ပွဲ၊ ဖြစ်၏၊ မဖြစ်၏ဆိုတာ ကံသေကံမ မပြောနိုင်သေးလို့ပါ” ဟု ပြောသည်။
ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်
ထို့နောက် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က နစက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာ့တပ်မတော်၏ ထွက်ပေါက်သာဖြစ်သည်ဟု ဆိုလျှင် ရွေးကောက်ပွဲလည်း မဖြစ်၊ မြန်မာ့တပ်မတော်ကိုလည်း မဖြုတ်ချနိုင်ခဲ့ ဘူးဆိုလျှင် အလုံးစုံ အာဏာသိမ်းမှုဖြစ်ကာ မည်မျှကာလကြာမည် မသိသော စစ်အုပ်ချုပ်ရေးကို ရောက်သွားမည့် အခြေအနေအပေါ် မည်သို့ဆောင်ရွက်မှာလဲ မေးခွန်းထုတ်စရာရှိသည်ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။
ထို့နောက် လက်နက်ကိုင် နွေဦးတော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့က ဖော်ဆောင်ကာ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသလို နစက ကျင်းပမည့် ရွေး ကောက်ပွဲကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။
သို့သော် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြား ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 870
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ဖျက်သိမ်းသွားရန် ပါတီခေါင်းဆောင်များက ဆောင်ရွက်လျက်ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။
UBP ပါတီနှင့် နီးစပ်သူများကလည်း ပါတီမှတ်ပုံတင် ဖျက်သိမ်းရန် လုပ်ဆောင်နေခြင်းမှာ မှန်ကန် ကြောင်း၊ ဦးစောလှထွန်းကို ဆက်သွယ် မေးမြန်းခြင်းက အသေးစိတ်ကို ပိုမို သိရှိနိုင်ကြောင်း ပြော သည်။
UBP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး UBP ပါတီဥက္ကဋ္ဌလည်း ဖြစ်သူ ဦးစောလှထွန်းကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီဟု ယနေ့ (အောက်တိုဘာ ၁၁ ရက်)တွင် သူ၏ တရားဝင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသား ထုတ်ပြန်ခဲ့သည်။
UBP ပါတီ ပါတီမှတ်ပုံတင် ဖျက်သိမ်းကြောင်းကို ယနေ့ (အောက်တိုဘာ ၁၁ ရက်)တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စာတင် အကြောင်းကြားထားကြောင်း ပါတီနှင့်နီးစပ်သူများက ပြော သည်။
ဦးစောလှထွန်း ရေးသားထားခြင်းကိုတွေ့ရစဉ်
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး ဧပြီ ၂၅ ရက်တွင် တရားဝင် ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိအမှတ်ပြုခဲ့သည်။
ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
UBP ပါတီကို ဦးဆောင် တည်ထောင်ခဲ့သူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ နုတ်ထွက်ခဲ့သော သူရဦးရွှေမန်း တို့ဖြစ်သည်။
လက်ရှိ နိုင်ငံရေးပါတီများသည် နစက ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး မပြိုင်ရေး၊ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်း နှင့် ဝင်ရောက် မယှဉ်ပြိုင်ပါက ပါတီဖျက်သိမ်းခံရမည့် အကျပ်အတည်းများ အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရေးဆွဲနေခြင်းကနေ ပေါ်ပေါက် လာနိုင်မည့် အခြေအနေများကို ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 826
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
နိုင်ငံရေးနှင့် စစ်ရေး၏ တိုက်ရိုက်သက်ရောက်မှုမှာ ပြည်သူဖြစ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးမှာ ထိလွယ်ရှလွယ် ကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထု၏ အခက်အခဲများကိုလည်း ထည့်သွင်း စဉ်းစားသင့် ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူး စိုင်းခမ်းစံက “အဓိကကြတော့ အခုက နိုင်ငံရေးမှာ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေ ဖြစ်နေတာလေ၊ တချို့ တွေက နိုင်ငံရေး ရှုထောင့် တစ်ခုတည်းနဲ့ နေပြီးတော့မှ သုံးသပ်တာတွေ၊ အမြင်မတူတာတွေ ရှိတယ်၊ အကောင်း မမြင်တာတွေ ရှိတယ်လေ၊ တချို့ကလည်း စစ်ရေးအမြင် တစ်ခုတည်းနဲ့ ဟိုသုံးသပ်လိုက် ဒီသုံးသပ်လိုက်ဆိုတော့ နောက် လူငယ်တွေ၊ ပြည်သူလူထုတွေ သံဃာတော်တွေကြတော့ နိုင်ငံရေးနဲ့ သိပ်မနီးစပ်တဲ့ ပြည်သူတွေပေါ့၊ အဲဒါ ဆိုရင်တော့ တွေဝေစေနိုင်တယ်လေ၊ သုံးသပ်ချက်တွေက အွန်လိုင်းမှာ ဆိုရှယ်မီဒီယာမှာကြတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေ များလာတာလေ၊ အဓိကကြတော့ တိုက်တွန်းချင်တာက သုံးသပ်ချက်တစ်ခုကို သုံးသပ်လို့ရှိရင် နိုင်ငံရေးတစ်ခုတည်းနဲ့ မရဘူး။ စစ်ရေးပါတွဲပြီး သုံးသပ်သင့်တယ်၊ စစ်ရေးကြတော့ နိုင်ငံရေးနဲ့ ပေါက်ဖွားလာတာ၊ နိုင်ငံရေးဆွေးနွေးလို့ မပြေလည်လို့ သူက စစ်ရေးဖြစ်လာတာ၊ နောက်တစ်ခုက အများက သိပ် မစဉ်းစားမိဘူး။ ဒီတစ်ချက်က ပြည်သူလူထုကိစ္စ နိုင်ငံရေးနဲ့ စစ်ရေးရဲ့ တိုက်ရိုက် သက်ရောက်မှုရှိတာက ထိခိုက်မှု ရှိတာ ပြည်သူလူထုလေ၊ နိုင်ငံရေးရယ်၊ စစ်ရေးရယ်၊ နောက်ပြည်သူလူထုရဲ့ စားဝတ်နေရေးပါ ဒီဟာကို ချင့်ချိန်ပြီး မှ သုံးသပ်မယ်ဆိုရင် ဒါနီးစပ်နိုင်တဲ့ သုံးသပ်ချက် ပကတိ အခြေအနေနဲ့ မှန်ကန်နိုင်တဲ့ သုံးသပ်ချက်ကို၊ ထင်မြင် ယူဆ ချက်တွေကို နီးစပ်နိုင်မှာလေ၊ ဒါဆိုထွက်လာနိုင်မှာလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
RCSS တပ်ဖွဲ့ကိုတွေ့ရစဉ် (Taifreedom)
ရှမ်းပြည်နယ်တွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသတချို့တွင် လည်း စစ်ရေးတင်းမာသည့် အနေအထားများ ရှိနေကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း သတင်းစီးဆင်းမှု၊ အပြန်အလှန် ဆက်သွယ်မှု အားနည်းခဲ့ ကြောင်း၊ အပြန်အလှန် ယုံကြည်မှု မရှိသည့်အတွက် ယနေ့ အချိန်ထိ စစ်ရေးတင်းမာနေကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။
၎င်းက “စစ်ရေးတင်းမာနေတဲ့ ဒေသထဲမှာ သူက နှစ်ဖက်ကနေ ကြားညှပ်ရတာလေ၊ ဟိုဖက်ကလည်း တင်းမာ ထား၊ ဒီဖက်ကလည်း တင်းမာထားဆိုတော့ ပြည်သူလူထုအတွက် ဒုက္ခရောက်တယ်၊ အခုဆိုရင် နေရပ်စွန့်ခွာ လာတာ များလာတာ၊ များလာတော့ နေရပ်စွန့်ခွာလာတာ တချို့တွေက မြို့ပေါ်နဲ့ မြို့အစပ်တွေမှာ ရွှေ့ပြောင်း ပြီးတော့မှ IDP အနေနဲ့ သူတို့ ယာယီရွှေ့ပြောင်းသွားတာပေါ့နော်၊ ဒါပေမယ့် ထူးခြားတာ တစ်ခုကတော့ နေရပ် စွန့်ခွာပြီးတော့ နယ်စပ်လမ်းကြောင်းကို ထွက်လာတာ များတယ်ခင်ဗျ၊ ကျနော်တို့ ရရှိထားတဲ့ အချက်အလက် တွေ အရဆိုရင်တော့ တနေ့စာကို ထိုင်းဖက်ကို ကူးသွားတာ တရားမဝင်နည်းနဲ့ ဝင်ရောက်သွားတာ ရာချီရှိတယ် ခင်ဗျ၊ ကျနော်တို့ စစ်ရေးတင်းမာတာ ၂ နှစ်၊ ၃ နှစ်အတွင်းမှာဆိုရင်တော့ ဒါ သောင်းဂဏန်း၊ သိန်းဂဏန်း နီးနီးရှိ သွားပြီပေါ့နော်၊ အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်းမှာ တချို့ရွာတွေဆိုရင် ရွာပျက်သလောက်ရှိသွားပြီ အဲဒီလို မျိုးတွေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
RCSS တပ်ဖွဲ့ကိုတွေ့ရစဉ်(Taifreedom)
ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး RCSS မှ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ရှမ်းပြည်နယ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ပအိုဝ်းအမျိုး သား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရက္ခိုင့်တပ်တော်(AA) နှင့် ပြည်သူ့စစ် စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှား လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 512
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
မြန်မာ့ နွေဦးတော်လှန်ရေးကာလ ကြာရှည်လာတာနှင့်အမျှ လူထုသည် တော်လှန်ရေးမှာ အီလာတတ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၁ ရက်) တွင် ပြုလုပ်သည့် NUG ၏ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။
ဒူဝါလရှီးလက “ မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်း ကဏ္ဍမှာ ရှိနေတယ်ဆိုတာ မမေ့ဖို့။ မပေါ့လျော့ကြဖို့။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျနော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုတယ်”ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က NUG ၏ အစည်းအဝေးလုပ်နေစဉ်
လက်ရှိ အခြေအနေသည် မိမိတို့မှာ ဖြစ်နိုင်ခြေများ အများကြီးရှိကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ် တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် မိမိတို့အားလုံး ပြင်ဆင်ထားကြရမည်ဟု ပြောကြားလိုကြောင်း၊ အထူးသဖြင့် မဟာမိတ် စစ်ရေး တပ်ပေါင်းစုနှင့် စနစ်တကျ စီမံကွပ်ကဲကြရန် ၎င်းက ပြောသည်။
NUG က နွေဦးတော်လှန်ရေးသည် ၂၀၂၃ ခုနှစ်တွင် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောသည်။
သို့သော် ၂၀၂၃ ခုနှစ်၏ ဘယ်လ ဘယ်ရက်သည် အဆုံးသတ် တိုက်ပွဲကာလဟုကိုတော့ မပြောပေ။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် PDF၊ LDF (ဒေသခံကာကွယ်ရေးတပ်ဖွဲ့)၊ တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 619
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)-PDF ပူးပေါင်းအဖွဲ့ နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်နေ့အထိ တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်ပွားခဲ့သည်။
ထို့ကြောင့် သံဃာတော်တချို့ မိမိသီတင်းသုံးနေသော ကျောင်းမှ တခြားနေရာသို့ ရွှေ့ပြောင်း သီတင်းသုံးရခြင်း( ဝါတွင်းကာလဖြစ်သည့်အတွက် သံဃာတော်များ ဝိနည်းအရ အခက်တွေ့စေသည်)၊ မြို့တွင်း စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ မြို့နေပြည်သူများ အခြားဒေသသို့ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ လက်နက်ကြီးကြောင့် ဘုန်းတော်ကြီးကျောင်းများ လူနေအဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခြင်း၊ တိုက်ပွဲအတွင်း ပြည်သူတချို့ ထိခိုက်မှု (မစိုးရိမ်ရ)ရှိခြင်း စသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က အောက်တိုဘာ ၉ ရက်နေ့စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
TNP က "ပြည်သူများနေထိုင်သော ကျေးရွာအတွင်း၊ မြို့တွင်းများ၌ တိုက်ပွဲဖော်ဆောင်ခြင်းကို ရှောင်ကျဉ်ပေးပါရန် တောင်းဆိုပါသည်"ဟု ပြောသည်။
ထို့နောက် မလွှဲသာ မရှောင်သာသော အခြေအနေအရ တိုက်ပွဲဖြစ်ပွားခဲ့ပါက အများပြည်သူနှင့် သက်ဆိုင်သည့် ဘာသာရေးအဆောက်အဦး ၊ ဆေးရုံ၊ စာသင်ကျောင်းနေရာများ၌ အကာအကွယ်ယူ တပ်စွဲခြင်း မပြုလုပ်ကြပါရန် တောင်းဆိုပါသည်ဟု TNP က ထုတ်ပြန်ခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 523
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အောက်တိုဘာ ၁၁ ရက်နေ့တွင် တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ် ပြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တော့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။
မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ပထမအကြိမ် နစကနှင့်တွေ့ဆုံ ဆွေးနွေးထားသည်။
ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။ တခြား တစ်ဖက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)ကို နစက နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး မဆွေးနွေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။
NMSP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် မွန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 629
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀
တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS က ယနေ့(အောက်တိုဘာ ၁၀ ရက်)တွင် ထုတ်ပြန် ကမ်းလှမ်းခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ရှမ်းလက်နက်ကိုင်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1176
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရက္ခိုင့်တပ်တော် (ULA/AA) အခြေခိုင်သွားမည့် ပုံစံမျိုး တပ်မတော်က လိုလားပုံ မပေါ် ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နယ်စပ်တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) အခြေခိုင်သွားသည့် ပုံစံမျိုး အဖြစ်ခံနိုင်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် ပြိုင်ဆိုင်မှု အားကောင်းလာနိုင်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ရှိနိုင်ပါတယ်၊ တိုက်ပွဲပိုမို ပြင်းထန်လာနိုင်တယ်၊ ရေတပ်ကို ထုတ်သုံးနိုင်တယ်၊ လေ တပ်ကို ထုတ်သုံးနိုင်တယ်၊ ပိုမိုပြင်းထန်နိုင်တယ်၊ ဘယ်ဖက်ကမှ ခြေကုတ် မရအောင်တော့ နှစ်ဖက်ကတော့ အပြိုင်အဆိုင်နွှဲကြမယ့် သဘောရှိတယ်ဗျ၊ အခုနေရာမှာတော့ ရခိုင်လူထုကတော့ နစ်နာမှာပေါ့ဗျာ၊ အောက်ခြေ လူထုကတော့ သို့သော်လည်းပဲ တရုတ်နယ်စပ်မှာ “ဝ”လို အခြေခိုင်မယ့် ပုံစံမျိုး နှစ်ပေါင်း ၃၀ ကျော် တည်ဆောက်လာတဲ့ “ဝ”က တရုတ်နယ်စပ်မှာ အခြေခိုင်သွားတဲ့ အခါကြတော့ လုပ်ရကိုင်ရ ခက်သွားသလိုပဲ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း ဒီလို အခြေခိုင်သွားမယ့် ပုံစံမျိုးကိုတော့ နေပြည်တော်က လိုလားတဲ့ပုံ မပေါ်ဘူး ဗျ၊ အဲဒီလိုတော့ အခြေခိုင်မယ်လို့ ကျနော်မထင်ဘူး။ အဲဒါကြောင့် သူတို့ ပြိုင်ဆိုင်မှု အားကောင်းလာမယ်၊ ဒါပေမဲ့ နောက်ဆုံး ညှိနှိုင်းတဲ့အချိန်မှာ bargaining power ပိုရတဲ့ သူက ပိုအခွင့်အကောင်း ရမယ်ဗျ၊ အဲဒီ သဘောမျိုးပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်တိုက်ပွဲရှောင်များကိုတွေ့ရစဉ်
ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းမျိုးကို ရလိုကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲ များ ဖြစ်ပွားနေသည်။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက တကျော့ပြန် ယခုလ(အောက်တိုဘာလ)အထိ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက တိုက်ပွဲရှောင်များ ပိုမိုများပြားလာမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်တိုက်ပွဲရှောင်များစာရင်း AA ထုတ်ပြန်ချက်
ဦးထွန်းအောင်ကျော်က “နှစ်ဖက် တိုက်ပွဲတွေကြားမှာ မိမိတို့ရဲ့ အသက်ဘေးနဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိမှာ အသက်တွေ သေဆုံးမှာ ကြောက်တဲ့အတွက် မိမိတို့ရဲ့ ရပ်ရွာတွေကို စွန့်ခွာပြီးတော့မှ ထွက်ပြေးနေရတဲ့ ရွာတွေ တော်တော်များများ ရှိပါတယ်၊ အထူးသဖြင့် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ဖက်တွေမှာ နောက် ဘူးသီးတောင်မြို့နယ်မှာလည်း တချို့ ရွာတွေ ကြောက်ပြီး ထွက်ပြေးနေရတဲ့ အခြေအနေတွေ ရှိတယ်၊ အဲဒါ ကြောင့် ဒီလိုသာ တိုက်ပွဲတွေ ပြင်းထန်လာမယ်ဆိုလို့ရှိရင် စစ်ဘေးရှောင် ပြည်သူလူထု အရေအတွက်တွေ ပိုများလာမယ်၊ စစ်ဘေးရှောင် အရေအတွက် များလာသည်နဲ့ အမျှ ကျနော်တို့မှာ တားဆီးပိတ်ပင်မှုတွေ၊ လမ်း ပိတ်ဆို့ထားမှုတွေ မသွားရ၊ မလာရ တားမြစ်ထားတာတွေကြောင့် ဒီစစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ နား နေစရာတွေ အရိပ်အမိုး အာဝါသတွေ ကင်းမဲ့နေတဲ့ နေရာတွေမှာ ဖြစ်သလို နေနေရတဲ့ အခြေအနေတွေ ကျနော် တို့ ကြားသိနေရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ULA/AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မှာ တိုက်ပွဲရှောင် လူဦးရေ ၆၁၆၇ ဦး တိုးလာကြောင်း AA က ထုတ်ပြန်ထားသည်။