CNI International News

ခါတွမ်း၊ အောက်တိုဘာ ၇

၂၀၁၉ ခုနှစ်‌ လူထုအုံကြွမှုနောက်ပိုင်း ဆူဒန်ပြည်တွင်း၌ အကြီးမားဆုံး စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ဒီမိုကရေစီလိုလားကြသော အဖွဲ့အစည်း ၅၀ ကျော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရန် သဘောတူ သည့် ပဋိညာဉ်စာတမ်းအား အတည်ပြုပေးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

အောက်တိုဘာ ၅ ရက်၊ ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါပဋိညာဉ်စာတမ်းသည် ဆူဒန်နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် စစ်တပ်ကို နိုင်ငံရေးအာဏာမှ ဖယ်ရှားသွားရန် ရည်ရွယ်ထားကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင်များက ပြောကြားခဲ့သည်။

သမ္မတဟောင်း အိုမာအယ်လ်ဘာရှား (Omar Al Bashir) လက်ထက် ဆယ်စုနှစ် ၃ ခုကြာ အစ္စလာမ္မစ် ဖိနှိပ် ချုပ်ချယ်မှု ခံခဲ့ရသော ဆူဒန်နိုင်ငံသည် ယမန်နှစ် အောက်တိုဘာလတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုအောက်၌ နစ်မွန်းနေခဲ့ရသည်။

ဂျူဘာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးစဉ် (GETTY IMAGES)

စစ်အာဏာသိမ်းပြီးနောက် ဆူဒန်၏ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးနှင့် လက်ရှိအုပ်ချုပ်နေသူ အက်ဒယ်ဖာတာ ဘာဟန် (Abdel Fattah Burhan) သည် အစိုးရအဖွဲ့အတွင်း အရပ်သားများကို ဖယ်ရှားခဲ့ပြီး ရာနှင့်ချီသော အစိုးရအရာရှိဟောင်းများနှင့် တက်ကြွသူများကို ဖမ်းဆီးခဲ့သည်။

တော်လှန်ရေး ကော်မတီဟုခေါ်ခဲ့သည့် အခြေခံလူတန်းစားများ စုစည်းဖွဲ့စည်းထားသော အဖွဲ့ပေါင်း ၅၄ ဖွဲ့တို့ သည် ယခုနှစ် အစောပိုင်းတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သီးခြား အဆိုပြုချက် နှစ်ရပ်ကို ပေါင်းစပ်ထားသော ပဋိညာဉ်စာတမ်းအား ခါတွမ်းမြို့တော်၌ အောက်တိုဘာ ၅ ရက်နှောင်းပိုင်းမှာ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

အဆိုပါ ပေါင်းစပ် ပဋိညာဉ်စာတမ်းကို အတိုက်အခံ အဖွဲ့များနှင့် ညွန့်ပေါင်းအဖွဲ့များက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

တော်လှန်ရေး ကော်မတီကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် ထိုသို့ ထုတ်ပြန်ခြင်း မရှိသေးသည့် စာတမ်းကို အေပီသတင်းဌာနက ရရှိခဲ့ရာ လက်ရှိ စစ်ခေါင်းဆောင် များကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားရှင်းလင်းရေး အချက်များ အပါအဝင် ဂျူဘာ (Juba) ငြိမ်းချမ်းရေး စာချုပ် ဖျက်သိမ်းရေးနှင့် ဥပဒေပြုရေးကောင်စီအသစ် အကောင်အထည်ဖော်ရေးတို့ ထည့်သွင်းထားကြောင်း တွေ့ရ သည်။

ဂျူဘာ ငြိမ်းချမ်းရေး စာချုပ်သည် ယခင်စစ်ဘက်-အရပ်ဘက် အာဏာခွဲဝေမှုအတွက် အစိုးရနှင့်သူပုန်အဖွဲ့ တို့အကြား ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုစာချုပ်ထဲတွင် ပြည်တွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံကို ပေါင်းစည်းအင်အားစု စစ်တပ်တစ်ခုအသွင်ဖြင့် ဒေသနှင့်တိုင်းရင်းသား ကိုယ်စားပြုမှု တိုးတက်စေဖို့ ကတိပြုထားသည်။

Source: AP