CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၉

နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယခု ဩဂုတ်လတွင် ပြုလုပ်နိုင်ခြေ မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သို့ ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးနောက် လူထုဆန့်ကျင်မှု မြင့်တက်လာကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်မည့် စက်တင်ဘာလအတွင်းမှသာ ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တော့ မသိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်လေးဦးကို ကွပ်မျက်ပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ လှုပ်ရှားမှု၊ အုံကြွမှုက ပိုမြင့်လာတော့ နည်းနည်းလေးတော့ လျင်လျင်မြန်မြန်တော့ ဖြစ်မယ်မထင်ဘူး။ ဖြစ်ခြင်းဖြစ်ရင်လည်း အာဆီယံအထူးကိုယ်စားလှယ် ထပ်လာမယ့် အချိန်ပေါ့။ အာဆီယံ အထူးကိုယ်စားလှယ်က ဒီ စက်တင်ဘာလထဲမှာ လာဖို့ရှိတော့ အဲဒီ အာဆီယံကိုယ်စားလှယ် မလာခင်လောက်မှာမှ ဖြစ်မလား၊ ဩဂုတ်လထဲမှာတော့ ကျနော် သိပ်မမြင်ဘူးဗျ။ အာဆီယံ ကိုယ်စားလှယ်လာတဲ့ အချိန်နဲ့ တိုက်ပြီးတော့များ ဖိတ်မလား မပြောတတ်သေးဘူးဗျ။ အခုချိန်ထိတော့ ကျနော်တို့ ဖိတ်စာ ဟုတ်တိပတ်တိ မတွေ့သေးဘူးလေ။ လေထဲမှာပဲ ဖိတ်မယ်၊ ဒုတိယအကျော့ရှိတယ် ဆိုတာလောက်ပဲ ကြားနေရတာ အစီအစဉ်ကို ကျနော်တို့ မသိရသေးဘူးခင်ဗျ” ဟု CNI သို့ ပြောသည်။

နစက ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောက်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ SSPP ခေါင်းဆောင်များ

ထို့နောက် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဆွေးနွေးပွဲ တွင် ပါတီစုံဒီမိုကရေစီ ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိတော့ ဒုတိအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မည်သည့်အချိန်တွင် စတင်မည်ဖြစ်ကြောင်း နစကဘက်က ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးထားသည်။

အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ခေါင်းဆောင်များလည်း နစကနှင့် တွေ့ဆုံ ဆွေးနွေးထားကြသည်။