CNI International News

ဖနွမ်ပင်၊ ဩဂုတ် ၆

လက်ရှိ အကျပ်အတည်းကို စူပါမန်းတောင်မှ မဖြေရှင်းနိုင်ကြောင်း၊ နောက်ဆုံး အချိန်အထိ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ ကြောင်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့် ဒေသတွင်း သံတမန်တစ်ဦးက သီတင်းတစ်ပတ်ကြာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေးတွင် ယနေ့ (ဩဂုတ် ၆ ရက်) ဝန်ခံပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။

မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့သည့် အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်က ရေတိုကာလအတွင်း တိုးတက်လာစေရေး မျှော်လင့်ချက်များ လျော့ပါးလာခဲ့ကြောင်း ယခု အစည်းအဝေးတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

“ကျနော်က အထူးသံတမန်တစ်ဦးပါ၊ စူပါမင်း တစ်ယောက် မဟုတ်ပါဘူး။ စူပါမင်းတောင်မှ မြန်မာ့ပြဿနာကို မဖြေရှင်း နိုင်ဘူးလို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ဖနွမ်ပင်မြို့၌ ဩဂုတ် ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကျင်းပနေသည့် အာဆီယံအစည်းအဝေး

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက စစ်တပ်က အာဏာရယူမှုအပြီး ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခဲ့ကြောင်း၊ ၎င်းတို့နှင့် သဘောထား ကွဲလွဲသူများကို လုံခြုံရေးတပ်ဖွဲ့များက ကြမ်းတမ်းစွာ နှိမ်နင်းမှုကြောင့် သေဆုံးသူဦးရေမှာ ၂,၁၀၀ ကျော်သွားပြီဖြစ်ကြောင်း ပြည်တွင်း စောင့်ကြည့်ရေးအဖွဲ့ တစ်ခုထံမှ သိရကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကား၍ New Indian Express ဝက်ဘ်ဆိုက်က ဖော်ပြသည်။

အဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) မြန်မာ့အရေး မတည်ငြိမ်မှုများကို ဖြေရှင်းရန် ယခုအချိန်အထိ အဖွဲ့ဝင်အသီးသီး ကြိုးပမ်းခဲ့ကြပြီး အချက် ၅ ချက်ပါ အကျပ်အတည်း ဖြေရှင်းရေး အစီအစဉ်နှင့်ပတ်သက် ၍ တိုးတက်မှုမရှိကြောင်း ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အသိအမှတ် ပြုခဲ့ကြသည်။

ပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံစဉ် 

အရပ်သား အစိုးရဖြုတ်ချခံရမှု ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တိုးတက်မှု မရှိဟု အာဆီယံက ရှုတ်ချခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့်လက ထင်ရှားသော ဒီမိုကရေစီ လိုလားသူနှစ်ဦး အပါအဝင် အကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့ခြင်း၊ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်ဗိုလ်ချုပ်များ တံတိုင်းခတ် ထားခြင်းကြောင့် အာဆီယံအတွင်း မကျေနပ်မှုများ ကြီးထွား လာခဲ့သည်။

ယမန်နှစ် ဧပြီလတွင် သဘောတူညီခဲ့သော အာဆီယံ အချက် ၅ ချက်ပါ အစီအစဉ်တွင် စစ်တပ်နှင့် အာဏာသိမ်းမှု ဆန့်ကျင် ရေး လှုပ်ရှားသူများကြား အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုထားသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ ပရတ်ဆိုခွန်က “တွေ့ဆုံမှုတစ်ခု၊ နှစ်ခုနဲ့ နှစ်ပေါင်းများစွာကြာအောင် ဒီပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

Source: AFP, New Indian Express