CNI News

မနီလာ၊ဩဂုတ် ၂၆

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် လာမည့်နှစ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတရာထူးအတွက် ဝင်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အတိုက်အခံများ ဝေဖန်ထောက်ပြနေသည့်ကြားမှ ဒူတာတေး၏ လက်ရှိ အာဏာရပါတီက အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် အစောပိုင်း ကြေညာချက်တစ်ရပ်ကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၂၀၂၂ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဒူတာတေး၏ လက်ထောက်နှင့် လက်ရှိအထက်လွှတ်တော်အမတ် ဖြစ်သူ ခရစ္စတိုဖာဘွန်းဂိုးကို ထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ထည့်သွင်းထားသည့် ကြေညာချက်ကို လာမည့်စက်တင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီညီလာခံမတိုင်မီ ထုတ်ပြန်ခဲ့ခြင်းကြောင့် အတိုက်အခံ များက ဝေဖန်ထောက်ပြခဲ့ကြခြင်းဖြစ်သည်။

“ကျနော်က ဒုတိယသမ္မတ ဆက်လုပ်ပါမယ်။ အဲဒါပြီးရင် ဘာသာရေး(ခရူးဆိတ်)စစ်ပွဲဆက်လုပ်မယ်။ နံပါတ်တစ်က သူပုန်ကိစ္စ။ အဲဒါပြီးရင် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးကိစ္စ ဆက်ကိုင်မယ်။ အဲဒီအခါကျရင် ကျနော့်မှာ ဦးတည်ချက်(ဒါမှမဟုတ်)လမ်းညွှန်ချက်ပေးနိုင်တဲ့ အာဏာမရှိတော့ပေမယ့် ကျနော့်အမြင်တွေက လူထုသိအောင် အမြဲချပြနိုင်မှာပါ” ဟု ဒူတာတေးက ၎င်း၏ အပတ်စဉ်ညဘက်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ဦးသည် တစ်ကြိမ်သာ တာဝန်ထမ်းဆောင်နိုင်ပြီး ဒူတာတေးက နံပါတ် ၂ အကြီးဆုံးနေရာ ယူဦးမည်ဆိုသဖြင့် ၎င်းအနေဖြင့် သမ္မတရာထူးနောက်ကွယ်မှ ဆက်လက်ကြိုးကိုင် လိုသည့်သဘောဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများနှင့် ဝေဖန်ရေးသမားများက ထောက်ပြ ကြသည်။

ဒူတာတေးအနေဖြင့် လူထုအသံကို ဂရုတစိုက်ရှိကြောင်း PDP-Laban ပါတီအမှုဆောင် ဒုတိယဥက္ကဋ္ဌ ကာလိုနိုဂရေးလက်စ်က ကြေညာချက်တစ်စောင်တွင် ဆိုထားသည်။

ဘွန်းဂိုးအနိုင်ရပြီးနောက် ရာထူးမှ နုတ်ထွက်သွားသည့်အခြေအနေရောက်လာလျှင် ထိုကာလ၌ ဒုတိယသမ္မတအဖြစ် ရှိနေမည့် ဒူတာတေးက သူ့ကိုယ်သူ သမ္မတအဖြစ် ဆက်လက်တာဝန်ယူစေခြင်းဖြင့် အာဏာဆုပ်ကိုင်ထားနိုင်ရေး အလားအလာရှိနေကြောင်း ဝေဖန်ရေးသမားများက ယုံကြည်ထားကြသည်။

“ဒါဟာ ဒူတာတေးဂိုဏ်းရဲ့ လွှမ်းမိုးမှုတင်မကဘဲ အစိုးရကိုပါ ချဲ့ထွင်ဖို့ တကယ်တမ်းအစီအစဉ်ရှိနေတဲ့ သဘောပဲဗျ” ဟု အတိုက်အခံပါတီမှ လွှတ်တော်အမတ်ဖြစ်သူ ကားလော့ဇာရိတ်က ပြောသည်။

ဒူတာတေးကို ကျောထောက်နောက်ခံပြုထားသူ ကာလိုနိုဂရေးလက်စ်ကတော့ ယခုအပြောင်းအလဲ လုပ်မည့် အစီအစဉ်သည် ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း စီမံအုပ်ချုပ်မှုယန္တရားကို ဆက်လက်တည်တံ့စေမည် ဖြစ်ကြောင်း၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေဖြင့် အစိုးရရှေ့နေကို စုံစမ်းစစ်ဆေးလိုသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပါအဝင် လုပ်လက်စအခင်းအကျင်းကို အထမြောက်အောင်မြင်စေလိုခြင်းဖြစ်ကြောင်း ပြောကြား သည်။

ဒူတာတေး၏ ဥပဒေအကြံပေးဖြစ်သူ ဆယ်ဗေဒေါပါနီလိုက “ဒုတိယသမ္မတရာထူး ယူမိရုံဖြင့် သမ္မတရာထူးကို ချုပ်ကိုင်လိမ့်မည်” ဆိုသည့်ဝေဖန်မှုမှာ အခြေအမြစ်မရှိကြောင်းနှင့် ယုတ္တိမတန်ကြောင်း တုံ့ပြန်ခဲ့သည်။