CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၁

ယူကရိန်းသမ္မတကတော် အိုလီနာဇာလန်စကာ (Olena Zelenska)က ရုရှားဒုံးကျည်များကို ဟန့်တားနိုင်ရန် အတွက် အမေရိကန် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ထပ်မံရရှိဖို့ ဇူလိုင် ၂၀ ရက်တွင် အမေရိကန် လွှတ်တော်သို့ မေတ္တာရပ်ခံခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ထို့နောက် မိမိအားလူကြိုက်များစေရန် လုပ်ဆောင်ခြင်း မရှိကြောင်း ယူကရိန်းသမ္မတကတော် အိုလီနာဇာလန် စကာ (Olena Zelenska)က အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သေးသည်။

ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယူကရိန်းကလေးငယ် သေကြေပျက်စီးရပုံများကို သွေးစွန်းနေသော ကလေး လက်တွန်းလှည်းများနှင့်အတူ အမေရိကန်လွှတ်တော် အမတ်များထံသို့ ယူကရိန်းသမ္မတကတော်က ပြသခဲ့သည်။

သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီး၏ ဇနီးဖြစ်သူ ဇာလန်စကာသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တော်သို့ သီတင်းတစ်ပတ်ကြာရောက်ရှိခဲ့ရာ ၅ လတိုင်တိုင် ဖြစ်ပွားနေခဲ့သည့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အထင်ရှားဆုံး ဖြစ်ရပ်များကို ထင်ဟပ်ပြသခဲ့သည်။ ၎င်း၏ယခုခရီးစဉ်ကို အမေရိကန်နိုင်ငံသားအများစုက ပထမဆုံးအကြိမ် အာရုံစိုက်ခဲ့ကြသည်။

“ကျမတို့ လေကြောင်းကနေ ထပ်ပြီး အတိုက်မခံချင်တော့ဘူး။ ဒုံးကျည်တွေ နောက်ထပ် မထိစေချင်တော့ဘူး။ ဒါက ကျမ တောင်းဆိုနေတာ လွန်သွားသလား” ဟု ဇာလန်စကာက ရီပတ်ဘလစ်ကန်နှင့်ဒီမိုကရက်အမတ် များကို ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတကတော် အိုလီနာဇာလန် စကာ(ဓါတ်ပုံ-အေပီ)
ဇာလန်စကာသည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) နှင့် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကော်နယ် (Mitch McConnell) တို့အပါအဝင် လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့စဉ် သူမ၏ခင်ပွန်းသည်က ဗီဒီယိုခေါ်ဆိုမှုဖြင့် စကားပြောဆိုခဲ့သည်။

သမ္မတ ဇာလန်းစကီးသည် ရုရှား၏တိုက်ခိုက်မှုစတင်စဉ်ကတည်းက ကိယက်ဗ်မြို့တော်ကို မစွန့်ခွာဘဲ ဆက်လက် ရပ်တည်ခဲ့သဖြင့် ၎င်းအပေါ်ထောက်ခံသူများ၏ ချီးကျူးမှုရရှိခဲ့ပြီး ညစဉ်ညတိုင်း ဗီဒီယိုမိန့်ခွန်း ပြောကြားနေခဲ့သည်။

ဇာလန်စကာနှင့် ရင်သွေးငယ်နှစ်ဦးတို့ကတော့ စစ်ပွဲစတင်စဉ် ပထမနှစ်လအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ဇာလန်းစကီးအနီးမှ တိမ်းရှောင်ခဲ့ရသည်။

ဇာလန်စကာသည် ၂၀၁၉ ခုနှစ်၌ ခင်ပွန်းသည် သမ္မတရာထူးမရရှိမီအထိ ၎င်း၏လူရွှင်တော်နှင့် ဟာသ သရုပ်ဆောင်အလုပ်အတွက် ဇာတ်ညွှန်းရေးသူအဖြစ် ပံ့ပိုးပေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၀၃ ခုနှစ်၌ လက်ထပ် ခဲ့ကြခြင်းဖြစ်သည်။

ခင်ပွန်းသည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်နှစ်၌ပင် ဇာလန်စကာသည် Vogue မဂ္ဂဇင်းနှင့် တွေ့ဆုံခဲ့ရာ မိမိသည် ပင်ကိုသဘာဝအားဖြင့် ဟာသစကား ပြောတတ်သူမဟုတ်သလို အများပြည်သူနှင့် သက်ဆိုင်သူလည်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ဒါပေမယ့် သမ္မတကတော်ဖြစ်တဲ့အခါကျတော့ အများမြင်ကွင်းမှာ ထောက်ခံတာတွေ၊ ငြင်းခုံတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအထဲကမှ အရေးကြီးလူမှုရေးကိစ္စအတွက်ဆိုရင် လူအများစုရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့အခွင့်အရေးရခဲ့ပါတယ်” ဟု ဇာလန်စကာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်မေလတွင်လည်း ယူကရိန်းနိုင်ငံအနောက်ပိုင်းသို့ အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒန် (Jill Biden) ရောက်ရှိလာခဲ့ပြီး သမ္မတကတော်နှစ်ဦးတို့ သီးသန့်စကားပြောဆိုခဲ့ကြသည်။

ယခု အမေရိကန်နိုင်ငံ၏မြို့တော် ဝါရှင်တန်ဒီစီသို့ လာရောက်ရန် ဇာလန်စကာကို ဖိတ်ကြားခဲ့သူမှာလည်း ဂျေးဘိုင်ဒန်ပင် ဖြစ်ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: Aljazeera