CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

နစက အစိုးရကို အသိအမှတ် မပြုသောကြောင့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် ဂါရဝမပြုခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ တူတော်စပ်သူ ဦးချိုအောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးချိုအောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုတော်စပ်သူ ဦးအောင်သန်း၏ သားဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ယနေ့ (ဇူလိုင် ၁၉ ရက်)တွင် ကျရောက်သည့် ၇၅ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့သော် လည်း ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိသားစုဝင်များ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။
ဦးချိုအောင်သန်းက “ကျနော် မနေ့က ပြောသလိုပါပဲ။ ကျနော် အသိအမှတ်မှ မပြုတာ။ ဒီအစိုးရကို။ သူတို့ သွားလေ့သွားထ ရှိတာ‌တော့ ဦးဘဝင်းသားရယ်၊ ကျနော်တူ အကြီး၊ အကြီးဆုံးပေါ့။ အကြီးဆုံးရယ် သူတို့ သွားလေ့ရှိတယ်။ အရင်နှစ်တွေက” ဟု CNI သို့ ပြောသည်။

၇၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့ မိသားစုဝင်ကိုယ်စား အခမ်းအနား ကျင်းပရေး ကော်မတီမှ တက်ရောက်ပြီး ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီး၍ နိုင်ငံ တေ်ကို အရေးပေါ် ကြေညာထားသည်။

၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ထို့နောက် တပ်မတော်က နစကကို ဖွဲ့စည်း၍ နိုင်ငံတော်အား စီမံအုပ်ချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသလို ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် ပါတီအား အာဏာပြန်လွှဲပေးမည်ဟု ပြောထားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူ ဦးချိုအောင်သန်းက နစက-က တရားဝင် အစိုးရမဟုတ်ကြောင်း၊ ၎င်းတို့ကို မဲပေး သည့် အထဲတွင် မပါကြောင်း ပြောသည်။

ဦးချိုအောင်သန်းက “ကျနော်ကတော့ အသိအမှတ်မှ မပြုတာ။ တကယ်တမ်း ပြောရရင် တရားဝင် အစိုးရမဟုတ်ဘူး။ ကျနော် မဲပေးတဲ့ အထဲမှာလည်း မပါဘူး။ ကျနော် ဒီပြီးခဲ့တဲ့နှစ်က အိမ်ကို ဧည့်စာရင်း လာစစ်တဲ့ အချိန်တုန်းက ကျနော်အိမ်မှာ ချိတ် ထားတဲ့၊ ထောင်ထားတဲ့ အလံ၊ NLD အလံပေါ့။ အလံကိုတော့ ဖြုတ်သိမ်းသွားတယ်၊ ဒီနေ့လို နေ့များကြတော့ ပိုပြီးတော့ သတိရတာပေါ့” ဟု CNI သို့ ပြောသည်။

ယနေ့ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို နစက ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ အစည်း အဝေး ကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့ရာ ယနေ့ ၇၅ နှစ်မြောက်ခဲ့ပြီး ဖြစ်သည်။