CNI International News

တိုကျို၊ ဇူလိုင် ၈

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် လူထုစည်းရုံးဟောပြောမှု တစ်ခု လုပ်နေစဉ် လုပ်ကြံပစ်ခတ်ခံခဲ့ရပြီးနောက် သေဆုံးသွားကြောင်း NHK ဂျပန်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ရှင်ဇိုအာဘေးသည် လုပ်ကြံခံရမှု ဒဏ်ရာဖြင့် အရေးပေါ်ဆေးကုသမှု ခံယူနေသည့်ဆေးရုံမှာပင် ယနေ့မွန်းလွဲပိုင်း၌ ကွယ်လွန် အနိစ္စရောက်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် မကြာမီ ကျင်းပတော့မည့် အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ဟောပြောနေစဉ် ယနေ့ (ဇူလိုင် ၈ ရက်) ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့ရှိ လမ်းပေါ်တစ်နေရာ တွင် သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံခဲ့ရ ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်၌ အာဘေးသည် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။

ရှင်ဇိုအာဘေးသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ဟောင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နောက်ထပ်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဆက်တိုက် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရာ ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟု အသိအမှတ်ပြုကြသည်။

ရှင်ဇိုအာဘေး လုပ်ကြံသူကို ဖမ်းဆီးနေစဉ် 

ထို့နောက် ရှင်ဇိုအာဘေးသည် ကျန်းမာရေး အခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

နာရာမြို့ရှိ ယခု အခင်းဖြစ်ပွားရာ နေရာသို့ အရေးပေါ်ယာဉ်များ ရောက်ရှိလာသည့် ဓာတ်ပုံကို ဝေဟင်မှ ရိုက်ကူးခဲ့ပြီး ဂျပန် မီဒီယာများက ထုတ်လွှင့်ခဲ့ကြသည်။

NHK မှ ထုတ်လွှင့်သော ဗွီဒီယိုဖိုင်ထဲတွင် အာဘေးသည် မဲဆွယ်စည်းရုံးရေး မိန့်ခွန်းပြောနေစဉ် နောက်ကျ လက်လုပ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး လဲကျသွားခဲ့သည်။ ထို့နောက် ရှင်ဇိုအာဘေး အနီးရှိ လူတစ်ဦးကို ရဲများက လုံးထွေးသတ်ပုတ်၍ လမ်းပေါ်ခေါ်ဆောင်လာကြောင်း တွေ့ရသည်။

အာဘေးသည် လာမည့် ဇူလိုင် ၁၀ ရက်၌ ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ LDP ပါတီမှ ကိုယ်စားလှယ် လောင်းများကို ထောက်ခံကြဖို့အကြောင်း မိန့်ခွန်းပြောကြားနေခြင်း ဖြစ်သည်။

ထိုမိန့်ခွန်းပြောပြီးလျှင် ၎င်းသည် မြို့တော် တိုကျိုအနီးရှိ ကျိုတိုနှင့် ဆိုင်တာမားခရိုင်များသို့ ဆက်လက် သွားရောက်ရန် စီစဉ် ထားသော်လည်း ယခုဖြစ်စဉ်နှင့် ကြုံခဲ့ရသည်။

Source: CNN