CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်ရောက်ပြီဆိုသည့် သတင်းများသည် သတင်း အမှားသာ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ယနေ့ (ဇူလိုင် ၇ ရက်)တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းက “အဲဒါသတင်းအမှားဗျ။ မှားတယ်ဗျ အဲဒီသတင်းက။ အကျဉ်းထောင်မှာပဲ”ဟု CNI သို့ ပြောသည်။

သြစတေးလျနိုင်ငံသား စီပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နှင့်အတူ စွဲဆိုခံထားရသည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မဖြင့် အမှုကို တရားသူကြီး နေမကောင်း၍ ခွင့်ယူသည့်အတွက် ယနေ့ (ဇူလိုင် ၇ ရက်)တွင် မစစ်ဆေးဖြစ်ခဲ့‌‌‌‌ကြောင်း ၎င်း က ပြောသည်။

 ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က သက်ဆိုင်ရာ တရားရုံးများမှာ တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေများ အရ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ၎င်းအား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ ကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီး စွဲချက်တင် ခံထားရသည့် အမှု များအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။