CNI International News

နယူးယောက်၊ ဇွန်လ ၂၁

စစ်ဘေးဒဏ်ခံခဲ့ရသည့် ယူကရိန်းကလေးသူငယ်များအတွက် ရုရှားသတင်းစာဆရာ ဒီမီထရီမူရာတော့ဗ် (Dmitry Muratov) က ၎င်း၏ နိုဗယ်ငြိမ်းချမ်းရေးဆုကို ဇွန်လ ၂၀ ရက် ညပိုင်းက ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းဖြင့် လေလံ တင်ရောင်းချလိုက်ခြင်းဖြင့် နိုဗယ်ဆုရှင်တစ်ဦးအနေဖြင့် ယခင်စံချိန်ဟောင်းကို ချိုးခဲ့ကြောင်း အေပီသတင်းဌာန က ရေးသားဖော်ပြသည်။

အဆိုပါရောင်းချမှုကို တာဝန်ယူခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်လေလံလုပ်ငန်း (Heritage Auctions) က ယခု နိုဗယ်ဆုကို ဝယ်ယူသွားသူ၏အထောက်အထားကို အတည်ပြုပြောကြားခြင်းမရှိသော်လည်း အနိုင်ရသော လေလံ ကို တစ်ဆင့်ခံ (proxy) ပြုလုပ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းရောင်းရငွေသည် တစ်နည်းအားဖြင့် ဆွစ်ငွေကြေး (Swiss francs) ဖရန့်ဒေါ်လာသန်း ၁၀၀ ဟု ဆိုနိုင်ကြောင်း ပြောကြားပြီး လေလံအောင်၍ ဝယ်ယူသူမှာ နိုင်ငံရပ်ခြားမှဖြစ်ကြောင်း အရိပ်အမြွက် ပြသခဲ့သည်။

“စည်းလုံးမှု ပမာဏကြီးမားလာမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ ပမာဏ ဖြစ်လာမယ်လို့တော့ မမျှော်လင့်မိဘူး” ဟု မူရာတော့ဗ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

၎င်းလေလံတင်ရောင်းချမှုသည် ရက်သတ္တ ၃ ပတ် ကြာမြင့်ခဲ့ပြီး ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အပြီးသတ်ခဲ့သည်။

ယခင်က နိုဗယ်ဆုတံဆိပ်အတွက် အများဆုံးနှုန်းထားမှာ ၂၀၁၄ ခုနှစ်က ဒေါ်လာ ၄ ဒသမ ၇၆ သန်းဖြစ်သည်။ ဆဲလ်မျိုးဗီဇပစ္စည်းများ DNA ဖွဲ့စည်းတည်ဆောက်ပုံကို ပူးတွဲရှာဖွေတွေ့ရှိခဲ့သူ ပညာရှင် ဂျိမ်းစ်ဝပ်ဆင်သည် ၁၉၆၂ ခုနှစ်တွင် ၎င်းရရှိခဲ့သော နိုဗယ်ဆုကို အထက်ပါနှုန်းထားဖြင့် ရောင်းချခဲ့သည်။

နောက် ၃ နှစ်ကြာပြီးနောက် DNA အကြောင်း ပူးတွဲနိုဗယ်ဆုရှင် ဖရန်စစ်ခရက်ခ်၏ မိသားစုက ၎င်းဆုကို Heritage Auctions လုပ်ငန်းဖြင့်ပင် လေလံတင်ခဲ့ရာ ဒေါ်လာ ၂ ဒသမ ၂၇ သန်း ရရှိခဲ့သည်။

ယခုနိုဗယ်ဆုရောင်းချလိုက်သူ မူရာတော့ဗ်သည် နိုဗာယာဂေဇက် (Novaya Gazeta) က လွတ်လပ်သော ရုရှား သတင်းစာ တည်ထောင်ရာတွင် ပံ့ပိုးခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ရွှေတံဆိပ်ချီးမြှင့်ခံခဲ့ရသည်။ ကရင်မလင်(ရုရှားအာဏာပိုင်များ)၏ သတင်းသမားများအပေါ် ကန့်သတ်ချုပ်ချယ်မှုများရှိနေစဉ်အတွင်း ပြီးခဲ့သည့်မတ်လ၌ အဆိုပါသတင်းစာပိတ်သိမ်းချိန်အထိ မူရာတော့ဗ်သည် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မှုအတွက် လူထုသဘောထားနှင့် ကွဲလွဲနေမှုများကို ရေးသားတင်ဆက်ခဲ့သည်။

မူရာတော့ဗ်သည် ၎င်း၏ဆုတံဆိပ်ကို လေလံတင်ရောင်းချရန် စိတ်ကူးခဲ့ပြီး ပူးတွဲရရှိသည့် ငွေကြေး ဒေါ်လာ ၅ သိန်းကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းရန် ကြေညာခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ကလေးသူငယ်များကို ထောက်ပံ့ပေးနိုင်ရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)ထံသို့ တိုက်ရိုက်ပေးအပ်လှူဒါန်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

လေလံဆွဲပြီး မိနစ်ပိုင်းအကြာတွင် ၎င်းလှူဒါန်းသော ရန်ပုံငွေများရရှိပြီးဖြစ်ကြောင်း ယူနီဆက်ဖ်က လေလံ လုပ်ငန်းသို့ အကြောင်းပြန်ခဲ့သည်။
နိုင်ငံတကာကလေးများနေ့အထိမ်းအမှတ်အဖြစ် ယခု ဇွန်လ ၁ ရက်၌ အွန်လိုင်းမှ လေလံများ စတင်ခဲ့သည်။

Source: AP