CNI International News

ဝါရှင်တန်၊ ဇွန်လ ၈

အမေရိကန် ငွေကြေးဖောင်းပွမှု များပြားနေဦးမည်ဟု မိမိ မှန်းဆရကြောင်း၊ ဘိုင်ဒန်အစိုးရသည် ၎င်း၏ ဘတ်ဂျက် အဆိုပြု ချက်များအနက် ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှု ခန့်မှန်းချက် ၄ ဒသမ ၇ ရာခိုင်နှုန်းကို တိုးမြှင့်နိုင်ဖွယ်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်း (Janet Yellen) က ဇွန်လ ၇ ရက်တွင် အထက်လွှတ်တော် (ဆီးနိတ်) အမတ် များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

ဆီးနိတ် ဘဏ္ဍာရေး ကော်မတီ ကြားနာမှုအတွင်း ဂျာနက်ယီလန်းက “အမေရိကန်သည် လက်ခံနိုင်ဖွယ် မရှိသော ငွေကြေး ဖောင်းပွမှု အဆင့်ကို ကိုင်တွယ် ဖြေရှင်းနေရသော်လည်း မကြာမီ ကုန်ဈေးနှုန်းတက်ခြင်းမှ သက်သာလာမည် မိမိမျှော်လင့် ကြောင်း” ပြောကြားခဲ့သည်။

အမေရိကန် စားသုံးသူ ဈေးနှုန်း ညွှန်းကိန်းတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် မကြာသေးမီ လများအတွင်း ၈ ရာခိုင်နှုန်း အထက်သို့ တက်ခဲ့သဖြင့် နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးနှုန်း ဖြစ်သွားခဲ့ကြောင်း၊ သို့သော် လာမည့် ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ဘိုင်ဒန်အစိုးရ ခန့်မှန်းသည်ထက် အလားအလာ ပိုမိုကောင်းမွန်ကြောင်း ရိုက်တာက ဆက်လက် ရေးသားသည်။

ဘိုင်ဒန်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်း (GETTY IMAGES)

အမေရိကန် ပြည်တွင်း၌ ဈေးကစားနေခဲ့သည့် စားသောက်ကုန်နှင့် စွမ်းအင်စရိတ်များ မပါဝင်ဘဲ တွက်ချက်မှုများ၌ ပြည်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အသုံးစရိတ် ညွှန်းကိန်းမှာ ပြီးခဲ့သည့် ဧပြီလတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ထိုးကျသွားခဲ့ သည်။

“ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်များနေဦးမယ်ဆိုပေမယ့် အခုတော့ ကျလာလိမ်မယ့်လို့ ကျမ မျှော်လင့်ပါတယ်” ဟု ဂျာနက်ယီလန်းက ပြောကြားခဲ့သည်။

ယမန်နှစ်က ပြဋ္ဌာန်းခဲ့သော ဘိုင်ဒန်အစိုးရ ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံရှိသည့် အမေရိကန် ကယ်ဆယ်ရေး အစီအစဉ် (ARP) ကပ်ရောဂါ အသုံးစရိတ်ဥပဒေသည် လက်ရှိဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုကို လောင်စာမီး ထိုးပေးခဲ့ကြောင်း ရီပတ်ဘလစ်ကန် အမတ်များ၏ အခိုင်အမာ စွပ်စွဲချက်များကို ဂျာနက်ယီလန်းက ထပ်တလဲလဲ ပယ်ချခဲ့သည်။

အမေရိကန် ဒေါ်လာနဲ့ အမျိုးသမီးတစ်ဦး

“တကမ္ဘာလုံးက ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးနီးပါးမှာ ငွေကြေးဖောင်းပွမှု အင်မတန်များနေတာ ကျမတို့ တွေ့ရမှာပါ။ ပြီးတော့ နိုင်ငံအလိုက် ကွဲပြားခြားနားတဲ့ ဘဏ္ဍာရေးမူဝါဒ ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ကျမတို့ အခုကြုံတွေ့နေရတဲ့ ငွေကြေး ဖောင်းပွမှု အများစုဟာ ARP ရဲ့သက်ရောက်မှုက လာပြီးထင်ဟပ်တာမျိုး မဖြစ်နိုင်ဘူး” ဟု ၎င်းက ချေပခဲ့သည်။

ဘိုင်ဒန်အစိုးရ ယန္တရားသည် ရပ်နေသည့် ရာသီဥတုနှင့် လူမှုရေး အသုံးစရိတ်များ၏ ပမာဏကို နောက်ပြန်ဆုတ်ရန် တွန်း အား ပေးနေဆဲ ဖြစ်သည်။ ထိုပမာဏထဲတွင် သန့်ရှင်းသော စွမ်းအင်နည်းပညာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခွန်ဘဏ္ဍာ များလည်း ပါဝင်သည်။

ဘဏ္ဍာရေးဝန်ကြီး စောဒကတက်ခဲ့သော မူဝါဒများအရ ဈေးနှုန်းတက်၍ စိတ်ပျက်နေကြသည့် အမေရိကန် စားသုံးသူ ပြည်သူ များအတွက် ကုန်ကျစရိတ် သက်သာစေနိုင်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

Source: Reuters