CNI International News

ဘရပ်ဆဲလ်/ဘေဂျင်း၊ ဧပြီ ၂

ယူကရိန်း ငြိမ်းချမ်းရေးကို ကိုယ့်နည်းလမ်းနှင့်ကိုယ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ(EU)ကို တရုတ်က ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် (Li Keqiang)က ၎င်း၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ယူကရိန်းငြိမ်းချမ်းရေးအတွက် တွန်းအားပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း အမေရိကန်နှင့် ဥရောပတို့ နီးကပ်သော ဆက်ဆံရေးကို နားလည်သိရှိလျက် EU အနေဖြင့် လွတ်လပ်စွာ ထိတွေ့လာမည်ဟု မျှော်လင့်ကြောင်း အသိပေးခဲ့သည်။

ရှီကျင့်ဖျင်နှင့် လီခဲ့ချန်တို့ ပါဝင်သည့် ဗွီဒီယို ကွန်ဖရင့်ဖြင့်ကျင်းပသော ထိပ်သီး အစည်းအဝေးအတွင်း ယူကရိန်းသို့ ရုရှားကျူး ကျော်မှု အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုအပေါ် မော်စကိုအား ရှောင်လွှဲခွင့်မပြုရန် ဘေဂျင်းကို EU က တိုက်တွန်းခဲ့ သည်။

“ယူကရိန်းစစ် အဆုံးသတ်ဖို့ တရုတ်ကို ကျနော်တို့ တောင်းဆိုထားပါတယ်။ ရုရှားရဲ့နိုင်ငံတကာဥပဒေ ချိုးဖောက်တာကို တရုတ် မျက်ကွယ်ပြုထားလို့ မရပါဘူး” ဟု ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မစ်ချယ် (Charles Michel) က ဥရောပကော်မရှင် ဥက္ကဋ္ဌ အက်စလဗွန်ဒါလီယန် (Ursula von der Leyen) နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လီခဲ့ချန်ကိုတွေ့ရစဉ်(GETTY IMAGES)

ထိုသတင်းစာ ရှင်းလင်းပွဲကို ဥရောပသမဂ္ဂ-တရုတ် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ကျင်းပခဲ့သည်။ EU နှင့်တရုတ်တို့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့နောက်ပိုင်း ယခုပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ပိတ်ဆို့ အရေးယူမှုတွေကို ရှောင်လွှဲစေတာ (ဒါမှမဟုတ်) ရုရှားကို အကူအညီပေးဖို့ ကြိုးပမ်းမှုတိုင်းသာ စစ်ပွဲကို တာရှည်စေ လိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တရုတ်သည် မော်စကိုနှင့် စွမ်းအင်၊ ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပိုမိုနီးကပ်သော ဆက်ဆံရေး အားထုတ်နေပြီး အမေရိကန်ပြည်ထောင်စုနှင့် ပခုံးချင်းယှဉ်နိုင်သော ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ် မစတင်မီ ရက်သတ္တပတ်များစွာကပင် တရုတ်နှင့်ရုရှားတို့သည် အကန့်အသတ်မရှိ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကြေညာခဲ့ကြသည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အမြဲတမ်း ကြိုးပမ်းနေကြောင်း၊ စေ့စပ်ညှိနှိုင်းမှုများ အရှိန်မြှင့်လျက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားဖို့ ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန် က EU ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

ထို့ပြင် EU အပေါ် တရုတ်၏ လွတ်လပ်သော မူဝါဒနှင့်ပတ်သက်၍ သမ္မတ ရှီ၏ မှတ်ချက်များကိုလည်း CCTV ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

Source: Reuters