CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၅

အာဆီယံနှင့် နစကတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ဗအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက်ဆိုပါက အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ခွန်မြင့်ထွန်းက “စစ်ကောင်စီနဲ့ အာဆီယံအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းလို့ မရဘူး ဆိုတဲ့ အချက်က ထွက်သွားတာပေါ့၊ ဘာကြောင့်လဲဆိုတော့ အာဆီယံကိုယ်စားလှယ်ရဲ့ အလုပ်က လက်ရှိနိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် Stakeholder တွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်၊ Stakeholder တွေနဲ့ အခုတွေ့ခွင့် မရပဲနဲ့ စစ်ကောင်စီက ချမှတ်ပေးတဲ့၊ သတ်မှတ်ပေးတဲ့ လူနဲ့ပဲ တွေ့ခွင့်ရခဲ့တာမျိုးကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် ဟာ ဘာမှမထူးဘူး၊ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ဟာကိုလည်း ပြနေပြီ၊ တစ်ဖက်က ကြည့်ရင်တော့ အာဆီယံရဲ့ ဆောင် ရွက်မှုတွေနဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေနဲ့ကတော့ ကျနော်တို့ တိုင်းပြည်ကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ဟာလည်း အဖြေထွက်ပါတယ်”ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

အာဆီယံက တောင်းဆိုထားသည့် အချက် (၅) ချက်ကို နစကအနေဖြင့် လက်ခံဖြေရှင်းနိုင်မည် ပုံစံမရှိကြောင်း၊ အာဆီယံနှင့် နစကတို့၏ ဆောင်ရွက်ချက်အပေါ် မျှော်လင့်၍မရကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မတ်လ ၂၁ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး (၃)ရက်တာ ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မိမိ၏ တစ်နှစ်တာ သက်တမ်းအတွင်း ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေကြောင်း၊ ရှုပ်ထွေးနေသည့် နိုင်ငံရေး အနေအထားအရ အာဆီယံကိုယ်စားလှယ်၏ ပြောကြားချက်မှာ မှန်သင့်သလောက် မှန်ကန်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦး‌ဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

ဦးထွန်းအောင်ကျော်က “မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး သိရှိတဲ့အတိုင်းပါ။ အဲဒါကြောင့် ဒီလောက်ရှုပ်ထွေးနေတဲ့၊ ပြင်းထန် နေတဲ့ ကိစ္စကို ဒါတစ်ဖက်နဲ့ တစ်ဖက်ကလည်း အင်မတန် အင်အားတွေ စုဆောင်းထားပြီးမှ အရင်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာနဲ့ မတူပဲနဲ့ အရင်လည်း အာဏာသိမ်းခဲ့တာတွေ ရှိတာပေါ့၊ ဒါပေမယ့် အဲဒီလို အခြေအနေနဲ့ မတူပဲနဲ့ ဒီတစ်ခေါက်ကတော့ အင်မတန် ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာတာကို တွေ့ရတယ်၊ ဒီကိစ္စကိုလည်း ညှိနှိုင်း ဆောင်ရွက်ဖို့ အတွက်ကိုလည်း အခုအာဆီယံဆိုတဲ့ ကျနော်တို့ရဲ့ မိသားစုအနေနဲ့ ပါဝင်နေတဲ့ မြန်မာနိုင်ငံက ပါဝင်တဲ့ ဒီအဖွဲ့ အစည်းကတောင်မှ ဘယ်လိုဖြေရှင်းရမလဲ မသိနိုင်တဲ့ သဘောတစ်ခုက ရှေ့မတိုးသာ နောက်မဆုပ်သာ ဖြစ်နေတာကို တွေ့ရ တဲ့အတွက် အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားခြင်းဟာ မှန်သင့်သလောက် မှန်တယ်လို့ပဲ ကျနော်တို့ အနေနဲ့ ထောက်ခံ ပြောဆိုလိုပါတယ်”ဟု ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဦးကိုကိုကြီး တွေ့ဆုံစဉ်

နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း၊ သို့သော်လည်း တိုင်းပြည်၏ အခြေအနေနှင့် ကိုက်ညီသည့် ပူးပေါင်း ဆောင်ရွက်မှုဖြစ်ရန် လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။

“ကျနော်တို့ ဟိုကတည်းကိုက မြင်တဲ့ အမြင်က နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့က ကြိုဆိုတယ်၊ သို့သော် လည်းပဲ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကျနော်တို့ တိုင်းပြည်ရဲ့ လက်တွေ့ အခြေအနေနဲ့ ကိုက်ညီဖို့လည်း လို တယ်၊ နိုင်ငံတကာ ကူညီမှုဆိုတိုင်းဟာ ကျနော်တို့ တိုင်းပြည် လက်တွေ့ အခြေအနေနဲ့ ကိုက်ညီချက်မှ ကိုက်ညီမယ်၊ ဒါ ကြောင့် ကျနော်တို့ရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဖြစ်ဖို့အတွက်လည်း ကျနော်တို့ အားလုံး ကြိုးပမ်းဖို့လည်း လိုပါတယ်” ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ မြန်မာပြည်ခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက ဝန်ကြီးများ၊ ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့နှင့် တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်။