CNI International News

အော်စလို၊ ဇန်နဝါရီ ၂၄

အာဖဂန်နစ္စတန်၏လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ ဆိုးရွားနေချိန်၌ ယာယီနိုင်ငံခြားရေးဝန်ကြီး အေမာခမ်မက်တကီ ဦးဆောင်သော တာလီဘန်ကိုယ်စားလှယ်အဖွဲ့သည် အနောက်နိုင်ငံများမှ တာဝန်ရှိသူများ၊ အာဖဂန် အရပ်ဘက်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် နော်ဝေးနိုင်ငံ၌ ဇန်နဝါရီ ၂၃ ရက်မှာ တွေ့ဆုံ၍ ၃ ရက်ကြာ ဆွေးနွေး မှု စတင်ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

တာလီဘန်တို့သည် ယမန်နှစ်၊ ဩဂုတ်လတွင် အာဖဂန်တနိုင်ငံလုံးကိုသိမ်းပိုက်ခဲ့ကာ ဥရောပ၌ တရားဝင် အစည်းအဝေးများ ကျင်းပခဲ့ပြီးနောက် ယခု အော်စလိုမြို့တော်အထက် ဆီးနှင်းများဖုံးလွှမ်းနေသော တောင်တန်းပေါ်ရှိ ဟိုတယ်တစ်လုံးတွင် တံခါးပိတ်အစည်းအဝေး ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုများ ပထမနေ့အပြီးတွင် တာလီဘန်ကိုယ်စားလှယ် ရှဖူလာအေဇမ်က အနောက်အုပ်စု တာဝန်ရှိသူများ နှင့် ယခုတွေ့ဆုံမှုသည် အာဖဂန်အစိုးရ တရားဝင်ဖြစ်စေရန် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

“အခုလို ဖိတ်ခေါ်ကမ်းလှမ်းမှုနဲ့ ထိတွေ့ဆက်ဆံမှုအနေအထားကနေ ဥရောပအသိုင်းအဝိုင်း၊ အမေရိကန် (ဒါမှမဟုတ်)တခြားနိုင်ငံတွေရဲ့အမြင်မှာ အာဖဂန်အစိုးရအပေါ် မှားယွင်းပုံရိပ် ပယ်ဖျက်နိုင်အောင် အထောက် အကူပြုပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုဆွေးနွေးမှုသတင်းထုတ်ပြန်ချက်သည် တာလီဘန်တို့၏ အိမ်ရှင်ဖြစ်သော နော်ဝေလူထုကို စိတ်အနှောင့် အယှက်ဖြစ်စေနိုင်သည်။ ယခုဆွေးနွေးပွဲများသည် တာလီဘန်တို့အပေါ် တရားဝင်ဖြစ်စေမှု (legitimation) (သို့မဟုတ်) အသိအမှတ်ပြုစေခြင်းမျိုး မဟုတ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီကန်ဟီဖတ်က အစောပိုင်းတွင် အလေးပေးပြောကြားခဲ့ပြီးဖြစ်သည်။

တာလီဘန်ကိုယ်စားလှယ်ကိုတွေ့ရစဉ်။(AP)

ဇန်နဝါရီ ၂၃ ရက်တွင် ဆန္ဒပြသူ ၂၀၀ ခန့်သည် အော်စလိုမြို့ရှိ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့ ရေခဲပြင် တစ်နေရာတွင် စုဝေးခဲ့ကြပြီး မည်သည့်နိုင်ငံခြားအစိုးရထံမှ သံတမန်ရေးရာအသိအမှတ်ပြုမှု မရရှိသေးသည့် တာလီဘန်များနှင့် နော်ဝေအစိုးရတွေ့ဆုံခဲ့ခြင်းအပေါ် ရှုတ်ချခဲ့ကြသည်။

“တာလီဘန်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တချို့ပြောနေကြသလိုပဲ မပြောင်းလဲပါဘူး” ဟု နော်ဝေးနိုင်ငံတွင် ဆယ်စုနှစ် ၂ ခုခန့်နေထိုင်ခဲ့ပြီး နော်ဝေနိုင်ငံသား အာဖဂန်လူမျိုးဖြစ်သူ အာမန်ယာဆာက ပြောသည်။

“သူတို့က ၂၀၀၁ ခုနှစ်နဲ့ ဟိုးအရင်ကလိုပဲ ရက်စက်နေတုန်းပါ” ဟု ၎င်းက ဆက်ပြောသည်။

တာလီဘန်ခေါင်းဆောင်များသည် အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူအချို့နှင့် ဇန်နဝါရီ ၂၃ ရက် က တွေ့ဆုံခဲ့သော်လည်း ယင်းတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ တရားဝင်ထုတ်မပြောပေ။

ဇန်နဝါရီ ၂၄ ရက်(ယနေ့)မှ စတင်၍ တာလီဘန်ကိုယ်စားလှယ်များသည် အနောက်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များနှင့် တွေဆုံမည်ဖြစ်ပြီး အာဖဂန်တွင် လူသားချင်းစာနာမှုဆိုင်ရာ မရေမရာဖြစ်ခြင်းကြောင့် အနောက် အုပ်စုပိတ်ဆို့ထားသည့် ဒေါ်လာ ၁၀ ဘီလီယံနီးပါးကို ဖြေလျော့ပေးဖို့ တောင်းဆိုကြမည်ဟု သိရသည်။

အာဖဂန်အတွက် ကုလသမဂ္ဂအနေဖြင့် ငွေဖြစ်လွယ်မှုအခြေအနေအချို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး တာလီဘန် အစိုးရအတွက် လျှပ်စစ်ဓါတ်အားအပါအဝင် သွင်းကုန်များကိစ္စ ခွင့်ပြုခဲ့သည်။ သို့သော် အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ် ၁ သန်းခန့်သည် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး နိုင်ငံလူဦးရေ ၃၈ သန်း ထဲမှ အများစုသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ကျရောက်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

Source: AP