ဝါရှင်တန်၊ ဇန်နဝါရီ ၂၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့သည် ပစိဖိတ်ဒေသ မတည်မငြိမ်ဖြစ်စေသော တရုတ်၏ စစ်ရေးကြီးထွားလာနေမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက်က ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံခဲ့ကြကြောင်း အေပီသတင်း ဌာနက ရေးသားဖော်ပြသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ထိုင်ဝမ်ကို တရုတ် ရန်စလာမှုအပေါ် စိုးရိမ်မှုများ အပါအဝင် တရုတ်နိုင်ငံနှင့် အနီးတဝိုက် ပြဿနာများအတွက် မိနစ် ၈၀ ကြာ ဖုန်းခေါ်ဆိုခဲ့ကြ၍ ဆွေးနွေးခဲ့ကြကြောင်း ဖူမီယိုကီရှီဒါက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က ၎င်း၏ပိုင်နက်နယ်မြေ အစိတ်အပိုင်းအဖြစ် တောင်းဆိုထားပြီး လိုအပ်လျှင် အင်အားသုံး သိမ်းပိုက်မည် ဖြစ်သည်။ မကြာသေးမီ လများအတွင်း တရုတ်သည် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး ကျွန်း၏ လေကြောင်း ပိုင်နက်အနီးသို့ တိုက်လေယာဉ်များ မကြာခဏ စေလွှတ်ခဲ့သည်။

တရုတ်စစ်လက်နက်အင်အားကိုတွေ့ရစဉ်။(AP)

ဘိုင်ဒန်နှင့် ကီရှီဒါတို့သည် ဟောင်ကောင်၊ တရုတ်ပြည်မကြီးရှိ ရှင်ကျန်းပြည်နယ်က အခြေအနေများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ ဟောင်ကောင်ရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နှိမ်နင်းမှု၊ ရှင်ကျန်းပြည်နယ် ဝီဂါ မွတ်ဆလင်များ အရေးကိစ္စနှင့် အခြားတိုင်းရင်းသား လူနည်းစုများကို ပစ်မှတ်ထား၍ အတင်းအဓမ္မ စေခိုင်းမှုများအပေါ် ဘိုင်ဒန်က ဘေဂျင်း ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

“သမ္မတဘိုင်ဒန်နဲ့ ကျနော်ဟာ ဂျပန်-အမေရိကန် အတူလက်တွဲပူးပေါင်းပြီး နိုင်ငံတကာလူ့အဖွဲ့အစည်းကို ဦးဆောင်ပုံနဲ့ ပတ် သက်လို့ အေးအေးတည်ငြိမ်စွာနဲ့ပဲ အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါတယ်”ဟု တွေ့ဆုံမှုအပြီးတွင် ကီရှီဒါက ပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှု၌ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး စိန်ခေါ်မှုများနှင့် အရေးပါသည့် နည်းပညာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများမှ ကုန် သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန် ဦးတည်သည့် “2 plus 2” ဆွေးနွေးပွဲ သစ်ကို စတင်ခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၊ရှင်ကျန်းပြည်နယ်က တိုင်းရင်းသားများကိုတွေ့ရစဉ်။

ဘိုင်ဒန်အစိုးရ အဆိုပြုထားသည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်ကို ဂျပန်ကလည်း ထောက်ခံကြောင်း ထပ်လောင်း ပြော ကြားခဲ့ပြီး ဒေသတွင်း ပဏာမခြေလှမ်းအတွက် အထောက်အကူပြု တည်ဆောက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ယခုနွေဦးအကုန်ပိုင်းတွင် ဂျပန်နိုင်ငံသို့ တရားဝင်လာရောက်ရန် ကီရှီဒါ၏ ဖိတ်ကြားချက်ကို ဘိုင်ဒန်က လက်ခံခဲ့ပြီး ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် Quad ထိပ်သီး အစည်းအဝေးသို့ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်ရေးအင်အား တိုးချဲ့ခြင်းကြောင့် အရှေ့တရုတ် ပင်လယ် အတွက်လည်း ဂျပန်က စိုးရိမ်နေသည်။ အရှေ့တရုတ်ပင်လယ်အတွင်း၌ တိုကျိုက အုပ်ချုပ်နေသော်လည်း ဘေဂျင်းက ၎င်း ပိုင်နက်ဟု တောင်းဆိုထားသော လူသူကင်းမဲ့သည့် ကျွန်းငယ်များ အုပ်စုနှင့်ပတ်သက်၍ နှစ်ရှည်လများ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

Source: AP