CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

မတရားမှုကို တော်လှန်ရာ၌ ရှမ်းပြည်လူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေး ဆင်နွှဲရာတွင် ရှမ်းပြည်လူထုများ ပါဝင်ပူးပေါင်းဆင်နွှဲကြပါရန် တိုက်တွန်းသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၆၆ နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ၎င်းက တိုက်တွန်းထားခြင်း ဖြစ်သည်။

RCSS က “ မတရားမှုကို တော်လှန်ရာ၌ ရှမ်းပြည်လူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေး ဆင်နွှဲရာတွင် ရှမ်းပြည်လူထုများ ပါဝင် ပူးပေါင်းဆင်နွှဲကြပါရန် တိုက်တွန်းသည်။ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)သည် ငြိမ်းချမ်းသော တွေ့ဆုံ ဆွေးနွေးခြင်းနည်းလမ်း ဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဖြေရှင်းသွားမည်”ဟု ထုတ်ပြန်ခဲ့သည်။

RCSS  ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထို့နောက် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေး၍ ကြိုးပမ်းဆောင်ရွက် သွားမည်၊ တာဝန်ရှိနေသောကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အသိ သက်သေ နိုင်ငံများအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် ပါဝင်ကူညီဖြေရှင်း ပေးကြပါရန် တိုက်တွန်းသည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

RCSS သည် ရှမ်းပြည်နယ်အတွင်း စစ်မှုမထမ်း မနေရပြဋ္ဌာန်းချက် ထုတ်ပြန်ခဲ့ပြီးနောက် တပ်သားသစ် ၆၀၀၀ ကျော်ကို စစ်သင်တန်း ပေးလျက်ရှိသလို စစ်တိုက်ခြင်းမရှိဘဲ အုပ်ချုပ်ရေး နယ်မြေများချဲ့ထွင်လျက်ရှိသည်။

တခြားတစ်ဖက်မှာတော့ NCA ထိုးထားသည့်အတွက် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသလို တခြားသော NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကာ ဦးဆောင်လျက်ရှိသည်။

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်အတွင်းမှာ မေလ ၁၇ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်ဖွဲ့များဖြင့် RCSS သည် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။