CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်ထံကနေ တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများ၌ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) ၏ ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA သိမ်းပိုက်ထားသော နယ်မြေအတွင်း လူမျိုးစုပေါင်းစုံ ရှိနေသည့်အတွက် ၎င်းတို့ လုပ်ဆောင်ချက်အပေါ် စောင့်ကြည့်မှုများ ရှိနေကြောင်း၊ ယုံကြည်မှုအားဖြင့် ၃ ပုံ ၁ ပုံခန့်သာ ရှိသေးကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

TNLA  ရဲဘော်တစ်ဦးကို တွေ့ရစဉ်

၎င်းက “အခက်အခဲလို့ ပြောတဲ့နေရာမှာကြတော့ အခုလောလောဆယ် ဒီဧရိယာတွေထဲမှာကြတော့ လူမျိုး ပေါင်းစုံတွေပဲ ရှိတဲ့အခါကြတော့ EAO ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ တချို့ကလည်း စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတယ်၊ တချို့ကလည်း လုပ်ဆောင်မှုက ဘယ်လောက်အထိ အောင်မြင်မလဲဆိုတဲ့ စောင့်ကြည့်မှုတွေလည်း ရှိတယ်၊ တချို့ကလည်း ဒီအပေါ်မှာက ဘယ်ဟာကို အရင်လုပ်သင့်တယ်၊ ဘယ်ဟာက နောက်မှ လုပ်သလဲစသဖြင့် အဲဒီလိုမျိုး ပြောဆိုနေတာတွေလည်း ကြားရတယ်၊ လုပ်သင့်တဲ့ဟာနဲ့ နောက်မှ လုပ်ရ မယ့်ဟာ ပြောတာတွေရှိတယ်၊ တချို့ကလည်း ဒီအပေါ်မှာ အဲဒီလောက်အထိ ပြောရမယ်ဆိုရင်တော့ ရာခိုင်နှုန်း အရ ၃ ပုံ ၁ ပုံလောက်ပဲ ယုံကြည်နေသေးတယ်၊ စသဖြင့် အဲဒီလိုမျိုးတွေတော့ တွေ့နေရတာပေါ့” ဟု ပြောသည်။

ထို့အတူ အုပ်ချုပ်ရေးအပိုင်း ထူထောင်ရာတွင် သက်ဆိုင်ရာဌာနအလိုက် ဝတ်စုံများ ဝတ်ဆင်သင့်ကြောင်း လူထု နှင့်ဆက်ဆံရာမှာ အရေးကြီးကြောင်း ၎င်းက ပြောသည်။

အုပ်ချုပ်ရေးယန္တရား လည်ပတ်နေမှု အခြေအနေများ သိရှိနိုင်ရေး TNLA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

လက်ရှိ TNLA က သိမ်းပိုက်ထားသော မြို့နယ်များအားလုံး အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်နေပြီ ဖြစ် ကြောင်း၊ လာမည့် အခြေခံကျောင်းများ ဖွင့်လှစ်သည့်ရာသီတွင် အတန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ဆောင် နေကြောင်း ပလောင်နိုင်ငံရေးသမား ဦးအိုက်လူက CNI သတင်းဌာနသို့ ပြောသည်။

TNLA  ခေါင်းဆောင်များနဲ့ ဒေသခံလူထုများ တွေ့ဆုံစဉ်

၎င်းက “အခုက တအာင်းတွေ သိမ်းထားတဲ့ လက်ရှိ ဒီမြို့နယ် ၇ မြို့နယ်လုံးကတော့ ကျနော်တို့ကတော့ အများ ကြီးတော့ လည်ပတ်နေပြီပေါ့၊ ဥပမာ ဌာနတွေ၊ ကျန်းမာရေးဌာနတွေ နောက် လျှပ်စစ်မီးတွေ၊ ရေမီးတွေ စည်ပင်သာယာရေးတွေ ပြီးတော့ အခွန်ဌာနတွေ တော်တော်များများတော့ လည်ပတ်နေပြီဗျ၊ လာမယ့် ကျောင်းဖွင့်တဲ့ ရာသီမှာလည်း အတန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်အောင်လည်း အခုက ကြိုးစားနေပြီ ပြန်လည်ဖွင့်နိုင်မှာပေါ့၊ ကျနော်တို့ အများအားဖြင့်က CDM သမားတွေကို ဖိတ်ခေါ်ထားတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ ဒေသအတွက်ကတော့ ကျနော်တို့ အကောင်အထည် ဆက်လက်ဖော်ဆောင်သွားမှာ ပဲလေ၊ သူ့ဟာသူ ရှုပ်တာပဲ ဖြစ်ဖြစ်၊ ရှင်းတာပဲဖြစ်ဖြစ် လုပ်စရာရှိတာတော့ ကျနော်တို့ လုပ်သွားနေမှာပဲလေ” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်နှင့် TNLA တို့သည် အပစ်အခတ်ရပ်စဲခဲ့ကြသည်။

လက်ရှိတွင် TNLA က မြို့နယ် ၇ မြို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းများ စတင်လည်ပတ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

အုပ်ချုပ်ရေး ထူထောင်မှုလုပ်ငန်းသည် အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲကြောင်း၊ ထူထောင်ရေး လုပ်ငန်း တစ်ခုလုံးကို လည်ပတ်နိုင်ဖို့အတွက် ငွေကြေး အပါအဝင် လူသားအရင်းအမြစ်၊ အခြေခံ အဆောက်အအုံ နှင့် အင်စတီကျူရှင်းများ အားကောင်းမှသာလျှင် အဆင်ပြေမည်ဟု နိုင်ငံရေးသမားများက ထောက်ပြကြသည်။