CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မွန်ပြည်သစ်ပါတီ (NMSP) မှ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် နှုတ်ထွက်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက် သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီအနေဖြင့် မည်ကဲ့သို့ ဦးတည်နေသလဲဆိုသည့်အပေါ်  အကဲခတ်စောင့်ကြည့်နေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အချို့ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဖျက်သိမ်းရေးအဖွဲ့)ကို ထူထောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဖြင့် မိမိတို့ အမျိုးသားအခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ထိုနောက် မွန်လူငယ်များက ခွဲထွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “မွန်ပြည်သစ်ပါတီက အရင်ကတည်းက တစ်လျှောက်လုံးပေါ့ဗျာ၊ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့၊ NCA လမ်းကြောင်းကနေပြီးတော့ သူတို့က သူ့အမျိုးသား အကျိုးစီးပွားအတွက် ရအောင်ကြိုးပမ်းမယ်ဆိုတာ နှစ်ပေါင်း များစွာ ကြားနေ ဆယ်စုနှစ် ၃ ခုလောက်ရှိပါပြီ။ ဒါပေမဲ့ အဲဒါတွေ မရနိုင်တဲ့ အနေအထားအောက်မှာ နွေဦး တော်လှန်ရေးရဲ့ လှုပ်ရှားမှုဟာလည်း အမျိုးသား အသီးသီးကြားထဲမှာ ပြင်းထန်လာတဲ့အချိန်မှာ လူငယ်ပိုင်းတွေ က အဲဒီလို ခွဲထွက်တာပေါ့ဗျာ။ ဒါကလည်း သဘာဝကျတဲ့ အခြေအနေတစ်ခုပါ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီနဲ့ နစက တွေ့ဆုံဆွေးနွေးတုန်းက ယခု ခွဲထွက်သွားတဲ့အဖွဲ့မှာ ဒုခေါင်းဆောင်အဖြစ် တာ၀န်ယူနေသူ နိုင်ဗညားလယ်ကို တွေ့ရစဉ်(မျက်မှန်နဲ့တစ်ယောက်)

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်ဆောင်မှုကော်မတီက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာထား သည်။

နစကအနေဖြင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် အဆက်အသွယ် ရရှိနေပြီး ၎င်းကိစ္စကို ပါတီခေါင်းဆောင် များ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ NCA အတိုင်း ဆက်သွားမှာဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့၏ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက် သွားမည်ဆိုသည့် ထုတ်ပြန်ကြေညာချက်အပေါ် မွန်လူငယ်အများစုက ကြိုဆိုကြောင်း မွန်လူငယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးစဉ်

၎င်းက “မွန်လူငယ်အနေနဲ့ ကောင်းတယ်လို့ မြင်တယ်ပေါ့နော်၊ အဓိကတော့ မွန်လူငယ်အများစုက အကောင်း ဘက်ပဲ မြင်ကြတာပေါ့နော်။ သူတို့ဟာ အချိန်က ဖြစ်သွားတာပေါ့နော်၊ ဒီဘက်မှာလည်း စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း လိုက်တော့ ဟိုဘက်မှာလည်း အခြေအနေကောင်း ဖြစ်သွားတာပေါ့နော်၊ အများစုက သူ့ဘက်ကပဲ ပြန်ပါလာဖို့ အများကြီးရှိတယ်၊ ဒီ NCA အတိုင်း သွားတဲ့ဘက်ကလည်း လူငယ်အများစုက ဟိုဘက်ကို ပြောင်းဖို့ အများကြီးရှိ တယ်လို့ မြင်တာပေါ့နော်၊ မြင်တာမဟုတ်ဘူး။ တကယ်လည်း သွားနေကြတာ မြင်တယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည် NCA သဘောတူညီချက်အရ နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းအရ အဖြေရှာရန် အားထုတ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ  လုံးဝ မရရှိခဲ့ ကြောင်း ခွဲထွက် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီ (NMSP)သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သော မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

စစ်ရေးအကဲခတ်တချို့ကတော့ မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲသွားသည်ဆိုသော အခင်းအကျင်းသည် မြန်မာ့တပ် မတော်ကို မတိုက်ရကောင်းလာဆိုပြီး ဝေဖန်မှုများ ခံနေရသည်ကို ကုစားနိုင်ရေးအတွက် အယောင်ပြ အကွဲအပြဲ လုပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။